မိုးကုတ် မြို့မရဲစခန်းအနီးနှင့် စစ်ကောင်စီတပ်စွဲထားသည့် လယ်ဦးရပ်ကွက်တို့တွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများဖြစ်ပွား

မိုးကုတ် မြို့မရဲစခန်းအနီးနှင့် စစ်ကောင်စီတပ်စွဲထားသည့် လယ်ဦးရပ်ကွက်တို့တွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများဖြစ်ပွား

နိုဝင်ဘာ ၁၅

မန္တလေးတိုင်း‌ဒေသကြီး၊ မိုးကုတ်မြို့ရှိ မြို့မရဲစခန်းအနီးနှင့် စစ်ကောင်စီတပ်စွဲထားသည့် လယ်ဦးရပ်ကွက်တို့တွင် ယနေ့ နိုဝင်ဘာလ ၁၅ ရက် ၁၂နာရီဝန်းကျင်အချိန်က ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ တစ်ပြိုင်နက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးကုတ်မြို့လယ် ဗိုလ်ကုန်းရပ်ကွက်ရှိ မိုးကုတ် မြို့မရဲစခန်းအနီးတွင် ဗုံးသုံးလုံးဆင့်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀ခန့် တပ်စွဲထားသည့် မိုးကုတ်မြို့ အရှေ့ဘက် လယ်ဦးရပ်ကွက်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

" ဒီနေ့ ပေါက်ကွဲမှု ဖြစ်တဲ့ရဲစခန်းနားက မြို့ထဲဘက်ကျပါတယ်ဗျ။ ပစ်ခတ်မှုဖြစ်တဲ့နေရာက မြို့အရှေ့ဘက် ကျပါတယ်။ တစ်နေရာနဲ့ တစ်နေရာ လှမ်းပါတယ်ဗျ။ ပေါက်ကွဲမှုက ရဲစခန်းရဲ့ မျက်စောင်းထိုးက စစ်မှုထမ်းဟောင်းပိုင်တဲ့ ခြံထဲကွဲတယ်လို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့ ပိတ်စွယ် လယ်ဦး နယ်မြေဘက်တွေမှာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုတွေရှိလာတော့ အဲဘက်တွေကို စခတွေ(စစ်ကောင်စီတပ်သားတွေ) တောနင်းရှာတာတွေလည်း ရှိတယ်လို့ သိရပါတယ်ဗျ။ ထိခိုက်မှုတွေတော့ မသိရဘူး။ တခုခုဖြစ်ရင် လူတွေက ထွက်မကြည့်ရဲတော့ ရေရေရာရာမသိတာပါ" ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း မင်းတံတားရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်များ ဝင်ရောက်ရှာဖွေမှုများ ရှိခဲ့ပြီး ပြည်သူတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်နှင့် သတင်းပေးဒလန်များသည် မကြာခဏဆိုသလို ဖောက်ခွဲတိုက်ခိုက် သတ်ဖြတ်မှုများ ကြုံ‌တွေ့နေရပြီး စစ်ကောင်စီဘက်မှလည်း မိုးကုတ်မြို့ဒေသခံများအား ဖမ်းဆီးနှိပ်စက်မှုများ ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly