နိုဝင်ဘာ ၁၅
ရန်ကုန်ရှိ စစ်ကောင်စီစခန်း နေရာ သုံးခုကို ပျံလွှားအောင် စစ်ဆင်ရေး စီမံချက်ဖြင့် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ (ရန်ကုန်တိုင်း- PDF) က ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင် တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ခြောက်ဦးကျော် သေဆုံးကာ ဒဏ်ရာရသူများလည်း ရှိကြောင်း ယင်းအဖွဲ့က သတင်း ထုတ်ပြန်သည်။
သန်လျင်တံတားအဆင်းရှိ စစ်ကောင်စီ ကင်းစခန်းကို ပြည်သူ့တော်လှန်ရေးတပ်သားများက ပစ်ခတ်ခဲ့ရာ ရန်သူစစ်သား ၁၀ ဦးခန့် ကျည်ထိမှန်ခဲ့ပြီး သုံးဦး ပွဲချင်းပြီး သေဆုံးဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ရှိ ငွေကြေးတောင်းခံ၍ လူထုကို အနှောင့်အယှက် ပေးနေသည့် ယာဉ်ထိန်းရဲများကိုလည်း တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲ သုံးဦး ထိမှန်ခဲ့ပြီး နှစ်ဦး သေဆုံးနိုင်ဖွယ် ရှိသည်ဟု ဆိုထားသည်။
ထို့အပြင် ထန်းတပင်မြို့နယ် တာဆုံရဲကင်းစခန်းရှိ ရဲကင်းကို ပစ်ခတ် တိုက်ခိုက်ရာတွင် ရဲ သုံးဦး ထိမှန် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ အဆိုပါ ထန်းတပင်မြို့နယ် တာဆုံ (ဒေသအခေါ်) နေရာရှိ ကင်းစခန်းသည် နံနက် ၁၁ နာရီခွဲတွင် တိုက်ခိုက် ခံရခြင်း ဖြစ်သည်။
သန်လျင် တံတားအဆင်းရှိ စစ်ကောင်စီ ကင်းစခန်းသည် နံနက် ၁၁ နာရီတွင် ပစ်ခတ် တိုက်ခိုက် ခံရခြင်းဖြစ်သည်။
" ပစ်သွားတာ ခေါင်းတောင် မဖော်နိုင်ဘူး။ အပြန်အလှန်ပစ်တာ မဟုတ်ဘူး။ တစ်ဖက်တည်းက ပစ်သွားတာ" ဟု သန်လျင် ကင်းစခန်း ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ပြောသည်။
သန်လျင်တံတား အဆင်း သံလျင်ဘက် အခြမ်းတွင် စစ်ကောင်စီ ကင်းစခန်း နှစ်ခု ရှိပြီး ပစ်ခတ်ခံရသည့် ကင်းစခန်းမှာ တံတားအဆင်းရှိ စခန်းတစ်ခု ဖြစ်သည်။ အခြားကင်းစခန်း တစ်ခုသည် K - BOX ကာရာအိုကေ ဆိုင်ရှေ့တွင်ရှိသည်။
" အဲဒီနားက ညဆို ပိုက်ဆံတောင်းတဲ့ ကောင်တွေရှိတယ်။ ညနောက်ကျပြီး အလုပ် ပြန်လာတဲ့ ကားတွေဆို ခဏခဏ အတောင်းခံရတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် သန်လျင်တံတားအား သာကေတဘက် အခြမ်းတွင်လည်း ပိတ်ထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။