ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ ထန်းတပင်မြို့နယ် တာဆုံရဲကင်း ပစ်ခတ်ခံရ၊ ရဲ ၃ ဦး သေဆုံး

15 November 2021
ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ ထန်းတပင်မြို့နယ် တာဆုံရဲကင်း ပစ်ခတ်ခံရ၊ ရဲ ၃ ဦး သေဆုံး

နိုဝင်ဘာ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ တာဆုံရဲကင်းစခန်းကို ယနေ့နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲသုံးဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ (ရန်ကုန်တိုင်း- PDF) က ထုတ်ပြန်ထားသည်။

တာဆုံရဲကင်းစခန်းကို ပစ်ခတ်တိုက်ခိုက်နေစဉ် ပစ်ကွင်းထဲသို့ မထင်မှတ်ဘဲ ကလေးငယ်တစ်ဦး ရုတ်တရက် ဝင်ရောက်လာမှုကြောင့် ကလေးငယ် ဘေးကင်းရေးအတွက် ဦးစားပေး လုပ်ဆောင်ခဲ့သည့်အတွက် ပစ်ခတ်မှုကို စိတ်တိုင်းကျ မလုပ်ဆောင်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ရဲကင်းစခန်းအတွင်းရှိနေသည့် ရဲ ၁၀ ဦးအနက် သုံးဦးကျည်ထိမှန်သေဆုံးသွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကျည်ဆန်ထိမှန်သေဆုံးသွားသော ရဲတပ်ဖွဲ့ဝင် သုံးဦး၏ ရုပ်အလောင်းကို မကောက်ယူနိုင်သေးကြောင်း သိရသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အနေဖြင့် ပျံလွှားအောင် စစ်ဆင်ရေးဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ဆင်တိုက်ခိုက်လျက်ရှိရာမှာ ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်လျှက်ရှိကြောင်း ထိုအဖွဲ့က ကြေညာထားသည်။

(ထန်းတပင်မြို့နယ် တာဆုံရဲကင်းကို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သော ရုပ်သံဖိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly