ထိုင်းမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ တောင်းဆို

ထိုင်းမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ တောင်းဆို

နိုဝင်ဘာ ၁၅

ထိုင်းနိုင်ငံမှာ ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်က ဆန္ဒပြသူ ရာနဲ့ချီတို့ဟာ ဘန်ကောက်မြို့ လမ်းတွေမှာ စုရုံးရောက်ရှိခဲ့ကြပြီး နိုင်ငံမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုတွေဟာ နိုင်ငံရဲ့ အလွန်သြဇာအာဏာကြီးတဲ့ ဘုရင်စနစ်ကို ဖြုတ်ချဖို့ ကြိုးစားတာနဲ့ အတူတူပဲ ဆိုပြီး စီရင်ချက်ချမှတ်တဲ့ အဆင့်မြင့်တရားရုံးတစ်ခုရဲ့ ဆုံးဖြတ်ချက်တစ်ခု ထွက်ရှိခဲ့တဲ့နောက် ထိုင်းဆန္ဒပြသူတွေ စုရုံး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

လူသိများထင်ရှားတဲ့ ဆန္ဒပြခေါင်းဆောင် သုံးဦးဟာ စည်းမျဉ်းခံဘုရင်စနစ်ကို ဖြုတ်ချဖို့ ရည်ရွယ်တဲ့ ပြောဆိုမှုတွေ လုပ်ထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက နိုဝင်ဘာ ၁၀ ရက်က ကြေညာထားခဲ့ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ဆန္ဒပြခေါင်းဆောင်တွေအတွက် ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်တွေ ပေါ်ပေါက်စေတာမျိုး မရှိပေမယ့် ခုလို တရားရုံးဆုံးဖြတ်ချက်ဟာ နိုင်ငံမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားတောင်းဆိုနေတဲ့ တက်ကြွလှုပ်ရှားသူတွေအတွက် ကျဉ်းမြောင်းနေနှင့်ပြီးသား နေရာတစ်ခုကို ထပ်မံကျုံ့ဝင်စေနိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

လူစုဝေးမှုတွေအပေါ် တားမြစ်ထားတဲ့ ပိတ်ပင်ချက်တစ်ခုကို အာခံရင်း ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဘန်ကောက်ရဲ့ အဓိက ဈေးဝယ် အရပ်ဧရိယာမှာ စုရုံးခဲ့ကြပြီး တရားရုံး ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြစ်တင်ခဲ့ကြသလို ၎င်းတို့ဟာ ပကတိဘုရင်စနစ်တစ်ခုကို အလိုမရှိဘူးလို့ ပြောထားတဲ့ ဆိုင်းပုဒ်တွေကို ကိုင်မြှောက်ခဲ့ကြပါတယ်။

"ကျွန်တော်တို့က ဒီနိုင်ငံကို ဖြိုချနေတာမဟုတ်ပါဘူး၊ ပြုပြင်ပြောင်းလဲမှုဆိုတာ ပိုမိုကောင်းမွန်အောင် လုပ်စေဖို့ပဲ ဖြစ်တယ်" လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သက်ချာပေါင် ကေဒမ်းက အော်ဟစ်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် "ပြုပြင်ပြောင်းလဲမှုတွေဟာ ဖြုတ်ချမှုနဲ့ မတူညီဘူး" ဆိုတဲ့ ပိုစတာတွေကိုလည်း ဆန္ဒပြသူတွေ ကိုင်ဆောင်ထားခဲ့ကြပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ပြည်သူတွေဆီက အခွင့်အာဏာကို သိမ်းယူနေပါတယ်" လို့လည်း သက်ချာပေါင်က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး တရားသူကြီးတွေရဲ့ ပုံစံတူရုပ်တွေကို တံတားတစ်ခုနားမှာ ပစ်ပုံခဲ့ကြပြီး ယင်းနောက် မီးရှို့ခဲ့ကြပါတယ်။ တချိန်တည်းမှာလည်းပဲ သံဃာတော်တချို့ဟာလည်း ဒီမိုကရေစီအတွက် လက်သုံးချောင်းထောင် သင်္ကေတကို ထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြသူတချို့နဲ့ ရဲတွေအကြား ထိပ်တိုက်တွေ့မှုလည်း ရှိခဲ့ပြီး ရဲတွေဘက်က ရာဘာကျည်တွေနဲ့ ပစ်ခဲ့လို့ ဆန္ဒပြသူတစ်ဦး ရင်ဘတ်မှာ ဒဏ်ရာရပြီး လူနာတင်ကားနဲ့ ခေါ်သွားရတယ်လို့ မြေပြင်မှာ ရောက်နေခဲ့တဲ့ အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောပါတယ်။

အနည်းဆုံး လူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ရဲ့ အီရာဝမ် အရေးပေါ် စင်တာက ပြောပေမယ့် ၎င်းတို့ရဲ့ အခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်ကို မပြောခဲ့ပါဘူး။

အစောပိုင်းတစ်ရက်ကတော့ လူစုဝေးမှုတွေ မလုပ်ကြဖို့ ရဲတွေက သတိပေးခဲ့ပါတယ်။

"ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေကို ဘယ်လို အသုံးပြုမလဲ ဆိုတာကိုပဲ အာရုံစိုက်စေချင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ချမှတ်တဲ့ ဥပဒေတွေကို မချိုးဖောက်စေချင်ပါဘူး" လို့ ဘန်ကောက်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျီရာဆန့်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required