ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၃၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၃၀ ကျော် ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၄

နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၁ ဦးသည် နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက ဆိုင်ယော့ခရိုင်ထဲတွင် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။

ယင်းနေ့ မနက် ၆ နာရီခန့်က တမ်ဘွန် စရီ မုန်ခေါလ် အရပ်၏ ဘန်သွန်းချန် ရွာရှိ သစ်တောဧရိယာတစ်ခုထဲတွင် ပုန်းအောင်းရင်း အလုပ်နေရာများသို့ သွားရောက်နိုင်ရေး လာခေါ်မည့်သူများကို စောင့်ဆိုင်းနေကြသည့် မြန်မာရွှေ့ပြောင်းအုပ်စုကို ထိုင်းစစ်သားများ၊ ရဲများ ပါသည့် ပူးပေါင်းကင်းလှည့်အဖွဲ့တစ်ခုက တွေ့ရှိ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအုပ်စုတွင် အမျိုးသား ၇၂ ဦး၊ အမျိုးသမီး ၅၉ ဦး ပါဝင်ကြောင်း သိရသည်။ ထိုင်းကျန်းမာရေးဝန်ထမ်းများက ၎င်းတို့ကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခဲ့ရာ အားလုံးသည် ပုံမှန်အတိုင်း ရှိနေခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာများက ၎င်းတို့သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် မြန်မာနိုင်ငံ ထားဝယ်၊ ရန်ကုန်၊ မော်လမြိုင်၊ ပဲခူးနှင့် အခြားမြို့များမှ လာကြသူများဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများကို ပြောခဲ့သည်။ ၎င်းတို့သည် နယ်စပ် တောလမ်းကနေ ညပိုင်းတွင် ထိုင်းနယ်နိမိတ်ထဲ လမ်းလျှောက်ဝင်လာခဲ့ကြပြီး အခြားပြည်နယ်များသို့ ဆက်သွားရန် တောထဲတွင် ပုန်းနေခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့သည် ဘန်ကောက်၊ ဆမွတ် ဆာခွန်း၊ ကန်ချနဘူရီ၊ ချွန် ဘူရီ၊ ပရာချင် ဘူရီ တို့တွင် အလုပ်လုပ်ရန်အတွက် ဦးတည်သွားရောက်ရန် စီစဉ်ခဲ့ကြကြောင်း သိရသည်။ ၎င်းတို့သည် သတ်မှတ်နေရာများသို့ ရောက်ပါက အလုပ်ပွဲစားများကို တစ်ဦးလျင် ဘတ် ၁၇,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးရမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲရန်နှင့် မူလနေရပ် ပြန်ပို့ရန်အတွက် ဆိုင်ယော့ ရဲစခန်းကို လွှဲပြောင်းပေးထားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ကိုးလအကြာ စီးပွားရေး ယိုယွင်းဆိုးရွားနေစဉ် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြန်မာဘက်ကနေ ထိုင်းဘက်သို့ တရားမဝင် ဝင်ရောက်သူ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေသည် တဖြည်းဖြည်း မြင့်တက်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required