အာဖဂန်နစ္စတန်အတွက် ကူညီထောက်ပံ့မှု ပြန်စရန် မဖြစ်နိုင်သေးဟု ကမ္ဘာ့ဘဏ်အကြီးအကဲ ပြော

အာဖဂန်နစ္စတန်အတွက် ကူညီထောက်ပံ့မှု ပြန်စရန် မဖြစ်နိုင်သေးဟု ကမ္ဘာ့ဘဏ်အကြီးအကဲ ပြော

ကမ္ဘာ့ဘဏ်အဖွဲ့အစည်းအနေဖြင့် အာဖဂန်နစ္စတန်ကို တိုက်ရိုက်အကူအညီ ပေးအပ်မှု ပြန်စရန်မှာ ဖြစ်နိုင်ဖွယ် မရှိကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ် မဲလ်ပါ့စ်က နိုဝင်ဘာ ၈ ရက်တွင် ပြောကြားလိုက်သည်။ အာဖဂန်နစ္စတန်၌ တာလီဘန်တို့ ထိန်းချုပ်လိုက်ပြီးနောက် သြဂုတ်လကုန်ပိုင်းတွင် ကမ္ဘာ့ဘဏ်က ယင်းနိုင်ငံသို့ ပေးအပ်နေသည့် ငွေကြေးအကူအညီများကို ရပ်ဆိုင်းထားခဲ့သည်။

"အာဖဂန်နစ္စတန်ရဲ့ စီးပွားရေးက အလုံးစုံ ယိုယွင်းမှု ဖြစ်နေချိန် လက်ရှိအခြေအနေအရ အဲဒီနိုင်ငံထဲကို ကျွန်တော်တို့ အကူအညီတွေ ပေးအပ်လည်ပတ်စေဖို့က မျှော်မှန်းကြည့်လို့ မရသေးပါဘူး" ဟု ၎င်းက မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာမှု စင်တာ (CSIS) တွင် ပြောကြားစဥ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

"စိန်ခေါ်မှုတွေအနက် တစ်ခုကတော့ ငွေပေးချေမှု စနစ် ဖြစ်ပါတယ်၊ လက်ရှိ အစိုးရ လုပ်နေတဲ့ အခြေအနေတွေအရ အဲဒီမှာ ငွေကြေးကို အမှန်တကယ် စီးဆင်းစေဖို့ လုပ်နိုင်စွမ်း မရှိပါဘူး" ဟု ၎င်းက ပြောခဲ့သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ မြန်မြန်ဆန်ဆန် ထိန်းချုပ်သွားနိုင်ခဲ့ပြီးနောက် ယင်းနိုင်ငံနှင့်ပတ်သက်ပြီး လုံခြုံရေးအခြေအနေနှင့် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနေခဲ့စဥ် ဝါရှင်တန်အခြေစိုက် ကမ္ဘာ့ဘဏ်သည် သြဂုတ်လက ယင်းနိုင်ငံသို့ အကူအညီပေးမှုကို ရပ်ဆိုင်းထားခဲ့သည်။

ကမ္ဘာ့ဘဏ်သည် အာဖဂန်နစ္စတန်တွင် လုပ်ဆောင်ဆဲ ဖွံ့ဖြိုးရေး စီမံကိန်း နှစ်ဒါဇင်ကျော် ရှိနေပြီး ၂၀၀၂ ခုနှစ်နောက်ပိုင်း ထောက်ပံ့ငွေအများစုအပါအဝင် ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ထောက်ပံ့ထားခဲ့ကြောင်း ဘဏ်၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

အလားတူ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း ယင်းနိုင်ငံသို့ အကူအညီပေးမှု ရပ်ဆိုင်းထားခဲ့သည်။ အမေရိကန်တွင် အများစုရှိနေပြီး ပြည်ပတွင် ထိန်းသိမ်းထားရှိသည့် အာဖဂန်နစ္စတန်၏ ပြည်ပအရန်ငွေ ဒေါ်လာ ၉ ဘီလီယံကို တာလီဘန်တို့ ရယူအသုံးပြုခွင့်အပေါ်တွင်လည်း ပိတ်ပင်ထားသည်။

အာဖဂန်နစ္စတန်တွင် အလုပ်လုပ်နေဆဲဖြစ်သည့် ကုလ အေဂျင်စီများ၊ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီတို့နှင့် တွေ့ဆုံထားခဲ့ကြောင်း မဲလ်ပါ့စ်က ပြောသည်။

တာလီဘန် အစိုးရအပေါ် နိုင်ငံတကာ အသိအမှတ်ပြုမှု မရှိသော်ငြား အမေရိကန်သည် လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်ခွင့်ပြုရန် အာဖဂန်နစ္စတန်အပေါ် ယင်း၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်ပတ်သက်ပြီး ကင်းလွတ်ခွင့်တချို့ကို ခွင့်ပြုပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly