ပါကစ္စတန်-အာဖဂန်နစ္စတန် ကုန်သွယ်မှု ရပ်တန့်မည်ကို ကုန်သည်များ စိုးရိမ်ပူပန်နေ

ပါကစ္စတန်-အာဖဂန်နစ္စတန် ကုန်သွယ်မှု ရပ်တန့်မည်ကို ကုန်သည်များ စိုးရိမ်ပူပန်နေ

လာမည့်ရက်အနည်းငယ်အတွင်း ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား ကုန်သွယ်မှု ရပ်တန့်သွားမည်ကို စိုးရိမ်ပူပန်နေရကြောင်း ပါကစ္စတန် သွင်းကုန်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက နိုဝင်ဘာ ၄ ရက်က ထုတ်ဖော်ခဲ့ကြသည်။ ကုန်သွယ်မှုတွင် အသုံးပြုနေသည့် အမေရိကန်ငွေကြေးသည် တာလီဘန်တို့၏ ပိတ်ပင်ချက်ကြောင့် အာဖဂန်ဘဏ်များတွင် ရရှိနိုင်တော့မည် မဟုတ်ဟု သိရသည်။

ပြီးခဲ့သည့် ၁၅ ရက်အတွင်း ကဘူးလ်မြို့သို့ ဦးတည်တင်ပို့မည့် ကုန်ပစ္စည်းအမြောက်အမြားသည် ပက်ရှာဝါ နှင့် တော့ဟမ်တို့ရှိ ဂိုဒေါင်များတွင် စုပုံရှိနေခဲ့ကြောင်း ပြည်တွင်း သွင်းကုန်လုပ်ငန်းရှင်များက The Express Tribune ကို ပြောသည်။

"စားသောက်ကုန်တွေနဲ့ အခြားပစ္စည်းတွေ တင်ထားတဲ့ ထရပ်ကားတွေဟာ တော့ဟမ်မြို့မှာ ပါကင်ထိုးထားရတယ်၊ အဲဒီကုန်ပစ္စည်း အများစုက သက်တမ်းလွန်ကုန်တဲ့အတွက် ပို့ကုန်တင်ပို့သူတွေနဲ့ သွင်းကုန်တင်သွင်းသူတွေအတွက် ရူပီး သန်းနဲ့ချီ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်" ဟု ပြည်တွင်း ကုန်စည်ရှင်းလင်းရေး အေးဂျင့်နှင့် ပို့ကုန်တင်ပို့သူတစ်ဦးဖြစ်သည့် အလီ ရှင်ဝါရီက ပြောသည်။ အာဖဂန်နစ္စတန်တွင် အမေရိကန်တို့ ပြန်လည်ထွက်ခွာသွားပြီးနောက် ဘဏ်လုပ်ငန်းကဏ္ဍသည် ပြိုလဲထားခဲ့ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

"ပါကစ္စတန်က ဥပဒေအရ ခင်ဗျားဟာ ပို့ကုန်တွေအတွက် တယ်လီဂရပ်ဖစ် အရောင်းအဝယ် (TT) လိုပါတယ်၊ အာဖဂန်ဘဏ်တွေမှာတော့ အဲဒါကို ခင်ဗျားအနေနဲ့ မရနိုင်ပါဘူး" ဟု ၎င်းက ပြောသည်။ ယင်းပြဿနာကို အာဖဂန်နစ္စတန်တွင် ဖြေရှင်းမပြီးမချင်း ပါကစ္စတန်ဘက်က ပြဋ္ဌာန်းစည်းမျဥ်းညွှန်ကြားချက် SRO တစ်ရပ် ထုတ်ပေးသင့်ကြောင်း၊ ယင်းမှသာ ပါကစ္စတန်ရူပီးဖြင့် အာဖဂန်နစ္စတန်နှင့်အကြား ကုန်သွယ်ခွင့်ရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကဘူးလ်တွင် အမေရိကန်ဒေါ်လာငွေစက္ကူ ရှားပါးမှုပြဿနာကို ကူညီကျော်လွှားနိုင်ရန်အတွက် အာဖဂန်နစ္စတန်နှင့်အကြား ကုန်သွယ်မှုကို ပါကစ္စတန်ငွေကြေးဖြင့် လုပ်မည်ဟု ပါကစ္စတန်က ကြေညာထားပြီးဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ကို အာဖဂန်တွင် လက်ရှိအုပ်ချုပ်နေသော အစိုးရက ကြိုဆိုခဲ့သော်လည်း ယခုအခါ နိုင်ငံတွင်း အရောင်းအဝယ်လုပ်ငန်းများတွင် မည်သည့်နိုင်ငံခြားငွေကြေးနှင့်မျှ ပြုလုပ်ခွင့် ပြုမည်မဟုတ်ဟု အာဖဂန်၏ တာလီဘန်အစိုးရက ပြောထားသည်။

အာဖဂန်နစ္စတန်နှင့်အကြား ကုန်သွယ်မှုသည် အကြောင်းရင်းအမျိုးမျိုးကြောင့် ဆက်တိုက် ကျဆင်းနေပြီး ယင်းသည် နှစ်နိုင်ငံစလုံး၏ ကုန်သည်များ သို့မဟုတ် ပြည်သူများအတွက် ကောင်းသည့် လက္ခဏာ မဟုတ်ကြောင်း အခြား ကုန်သည်တစ်ဦးက ပြစ်တင်သည်။

"ခင်ဗျားမှာ ဒေါ်လာ ထောင်ပေါင်းများစွာ တန်ဖိုးရှိတဲ့ စီးပွားရေးလုပ်ငန်းကောင်းတစ်ခု ရှိပြီး အဲဒါက လအနည်းငယ်အတွင်းမှာပဲ ပြိုလဲသွားတယ်လို့ပဲ စဥ်းစားကြည့်လိုက်ပါတော့၊ ဒါက အာဖဂန်နစ္စတန်မှာ ရှိတဲ့ ကုန်သည်အများစု အမှန်တကယ် ကြုံတွေ့ခဲ့ရတာပါ" ဟု ၎င်းက ပြောသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏ တိုးမြှင့်ရန် အထူးအာရုံစိုက် လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly