ပြတော့ ပြကြပါ တတိုင်းပြည်လုံး အရေးကိုတော့ မမှေးမှိန်စေနဲ့

ပြတော့ ပြကြပါ တတိုင်းပြည်လုံး အရေးကိုတော့ မမှေးမှိန်စေနဲ့
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုအရေးတွင် မြန်မာအလုပ်သမား နှစ်ဦးကို သေဒဏ်ချမှတ်လိုက်ခြင်းအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့တွင် ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၁၅ ခုနှစ်က ပြုလုပ်စဉ်။ (ဓာတ်ပုံ - ငြိမ်းချမ်းနိုင်၊ အီးပီအေ)

အခုတလော မိမိတို့နိုင်ငံ မြို့ကြီးအတော်များများမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပါတယ်။ ရန်ကုန်မြို့ ထိုင်းသံရုံးဆိုရင် သုံးရက်မြောက် ဆက်တိုက် ဆန္ဒအပြခံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ကိုလည်း ဆန္ဒပြသူတွေ ရောက်ကြပါတယ်။

ဆန္ဒပြပုံကလည်း အမျိုးမျိုးပါပဲ။ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး စီတန်းလမ်းလျှောက်တာ၊ ဘုရားမှာ ဝတ်ပြုဆုတောင်းတာ၊ တကိုယ်တော် ဆန္ဒပြတာ အစရှိတဲ့  ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြကြတာပါ။ ဒီကြားထဲ အင်တာနက် လူမှုကွန်ရက်စာမျက်နှာမှာဆိုရင် အပြန်အလှန်ရေးပြီး ပြောကြ ငြင်းခုန်ကြ၊ ထိုင်းနိုင်ငံကို ရည်ညွှန်းတဲ့ ပြစ်တင်ရှုတ်ချစာတွေ တင်ကြပါတယ်။ အမျိုးသမီးငယ်တစ်ဦးဆိုလျင် လက်ဖျံသွေးကို ဖေါက် အဲဒီသွေးနဲ့စာရေးပြီး ကန့်ကွက်ကြောင်း ဆန္ဒဖေါ်ထုတ်ပါတယ်။ နိုင်ငံတကာမှာရှိတဲ့ ထိုင်းသံရုံးတွေ ရှေ့မှာလည်း မြန်မာတွေ ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြပုံတွေ ဘယ်လောက်ပဲ အမျိုးအစားကွဲသည့်တိုင် ဦးတည်ချက်ကတော့ လိပ်ကျွန်းလူသတ်မှု ထိုင်းနိုင်ငံတရားရုံးက သေဒဏ်ချမှတ်ခံရတဲ့ မြန်မာလူငယ်နှစ်ဦးကိစ္စ မတရားဘူးထင်လို့ အဲဒီစီရင်ချက်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြတာပါ။

အရပ်ရပ် သိရှိရတဲ့ အချက်အလက်တွေအရဆိုရင် လိပ်ကျွန်းလူသတ်မှု မြန်မာလူငယ်နှစ်ဦး သေဒဏ်ချမှတ်ခံရတာဟာ မှားယွင်းတဲ့ချမှတ်အဖြစ် ယူဆလို့ရနိုင်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံသားတွေ ဆန္ဒပြကန့်ကွက်ကြတာဟာ မူအားဖြင့် မှန်ပါတယ်။ ထိုင်းတရားရေးဌာန တာဝန်ရှိသူတွေနဲ့ ထိုင်းအစိုးရကို သည်လိုနည်းနဲ့ ဖိအားပေးရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲတွေ ဆန္ဒပြပုံတွေထဲမှာ စဉ်းစားရမယ့် အပြုအမူ အပြောအဆိုတွေပါလာတာကိုတော့ သေသေချာချာ လေ့လာသုံးသပ်ဖို့လည်း လိုအပ်လာပါတယ်။

ဥပမာအားဖြင့် ပြောရလျင် မိမိတို့နိုင်ငံမှာ ဆန္ဒထုတ်ဖေါ်မယ်ဆိုလျှင် ဆန္ဒထုတ်ဖေါ်ဖို့လိုအပ်သော ခွင့်ပြုမိန့်များ တောင်းခံရပါတယ်။ အဲဒီ ခွင့်ပြုမိန့်များ မတောင်းခံပဲ ဆန္ဒပြလျှင် ဥပဒေချိုးဖောက်ရာကျပြီး အရေးယူခံရပါတယ်။ ထို့ပြင် ထိုင်းနိုင်ငံက သေဒဏ်ချမှတ်ခံရတဲ့ မိမိတို့နိုင်ငံသား နှစ်ဦးကိစ္စကြကာမှ တခဲနက်ဆန္ဒပြလာကြပြီး လက်ပန်းတောင်းတောင်က ဒေါ်ခင်ဝင်းလို သေနတ်ဒဏ်ရာဖြင့် သေဆုံးရသည့် အမှုမျိုးကိုကြတော့ လစ်လျူရှုခြင်း အစရှိသည့် ကိစ္စရပ်များမှာ ဆန်းကြယ်သည့်အဖြစ်များ နှိုင်းယှဉ်စဉ်းစားရမည့်ကိစ္စများ ဖြစ်လာနေပါသည်။ အခြား နှိုင်းယှဉ်စဉ်းစားရမည့်အချက်များ များစွာ ရှိနေပါသေးသည်။

လက်ရှိဆန္ဒပြပွဲများနှင့်ဆက်စပ်ကာ လွန်ခဲ့သည့် တစ်ပါတီအာဏာရှင်စံနစ်လက်ထက်တုန်းက အဖြစ်အပျက်တစ်ခုကို ပြန်ပြီးသတိရစေပါတယ်။ သည်တုန်းက ဗိုလ်ချုပ်ကြီးနေဝင်း အုပ်ချုပ်နေစဉ် မိမိတို့ တတိုင်းတပြည်လုံး ဆန်ရှားပါးသည့် ပြဿနာကြီးနှင့် ရင်ဆိုင်တိုးနေရသော အချိန်ဖြစ်သည်။ ထိုအခါ ရခိုင်တွင် ဆန်လုပွဲကြီးဖြစ်လာခဲ့ပြီး တာဝန်ရှိသူများက ပစ်ခတ်နှိမ်နင်းလို့ လူတွေ သေကြေခဲ့ကြရပါတယ်။ နေရာတော်တော်များများမှာလည်း ခိုးမှုတွေ၊ ထမင်းအစား အခြားအစားအသောက်များ အစားထိုး ဝမ်းဖြည့်ရတာမျိုးတွေ ဖြစ်လာပါတယ်။ ပြည်သူတွေဟာ ဆန်ရှားမှုဒဏ်ကြောင့် ဒေါသဖြစ်လာကြရပါတယ်။ အဲဒီလိုအချိန်မှာ တရုတ်ဗမာ အဓိကရုဏ်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီအချိန်တုန်းကဆိုရင် လူတွေဟာ ဒေါသမထိန်းနိုင်ပဲ တရုတ်ဈေးဆိုင်တွေ ဝင်ရောက်ဖျက်ဆီးတာမျိုး တရုတ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ တနိုင်ငံလုံးအနှံ့ လုပ်ခဲ့ကြပါတယ်။ ထိုစဉ်က တာဝန်ရှိသူတွေကလည်း ဆန္ဒပြပွဲတွေကို လမ်းဖွင့်ပေးခဲ့ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ဆန်ရှားလို့ ဒေါသဖြစ်လာနေတဲ့ လူထုရဲ့ဒေါသဟာ တရုတ်လူမျိုးတွေဘက်ကို လှည့်သွားပြီး ဆန်ရှားတဲ့ ပြဿနာကြီးလည်း မှေးမှိန်သွားခဲ့ရပါတယ်။

အနှစ်ချုပ်ရမယ်ဆိုရင် အခုဖြစ်ပွားလာရတဲ့ ဆန္ဒပြပွဲတွေဟာ ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသား လူငယ်နှစ်ဦး မတရားတရားရုံးဆုံးဖြတ်ခဲ့ကြတာကို မကျေနပ်လို့ ကန့်ကွက်ဆန္ဒပြကြတာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံကို ရန်လိုတဲ့ အပြုအမူအပြောအဆိုတွေ၊ တခါ ဒီအမှုနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ လူပု၈္ဂိုလ်တွေကို ပြဿနာထဲ ဆွဲထည့်ခြင်း၊ နှစ်နိုင်ငံ အပြန်အလှန် အထင်မှားအမြင်မှားဖြစ်စေမယ့် အပြုအမူအပြောအဆိုများ ပြောဆိုခြင်း၊ လူတွေကို နည်းမှန်လမ်းမှန် ဒေါသမထွက်စေပဲ အလွန်အကျွံဒေါသထွက်စေမယ့် အပြုအမူအပြောအဆိုများ ပြုမူပြောဆိုခြင်းဖြင့် ပြဿနာကို ဖြေရှင်းရာ မရောက်ပဲ ပြဿနာများ ပိုမိုရှုတ်ထွေးအောင် ဖြစ်စေသည့် အပြုအမူပြောအဆိုများကို ရှောင်ရှားကြရမှာဖြစ်ပါတယ်။

အထူးသဖြင့် မည်သည့်ပြဿနာများပင် ဖြစ်ပစေ ယင်းပြဿနာများကို ဖြေရှင်းကြရာ၌ လက်ရှိ မိမိတို့တိုင်းပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး အခြေအနေများ ရပ်တန့်သွားရလောက်အောင် ထိခိုက်ရလောက်အောင် အခြေအနေများ ရှုပ်ထွေးသွားရလောက်အောင် ဖြစ်သည်အထိ ပြုမူဆောင်ရွက်ခြင်းများ မဖြစ်ရလေအောင် သတိကြီးစွာထားပြီး ဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags