ထိုင်းနိုင်ငံက APEC ဥက္ကဋ္ဌအဖြစ် နယူးဇီလန်ထံမှ တာဝန်လွှဲပြောင်း ရယူ 

ထိုင်းနိုင်ငံက APEC ဥက္ကဋ္ဌအဖြစ် နယူးဇီလန်ထံမှ တာဝန်လွှဲပြောင်း ရယူ 
Photo - AFP

နိုဝင်ဘာ ၁၃

ထိုင်းနိုင်ငံဟာ အာရှ-ပစိဖိတ် စီးပွား‌ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် နယူးဇီလန်ထံကနေ သောကြာနေ့မှာ တာဝန်လွှဲပြောင်းရယူပါတယ်။ 

 “ပွင့်လင်းမှု၊ ချိတ်ဆက်မှုရှိမှု၊ ဟန်ချက်ညီမှု” ဆိုတဲ့ ၂၀၂၀ အေပက်ရဲ့ အာဘော်ကိုလည်း ကြေညာပါတယ်။ 

အေပက် ဥက္ကဋ္ဌ လွှဲပြောင်းရယူပွဲမှာ နယူးဇီလန် ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်းက ၂၀၂၁ အေပက်ရဲ့ အာဘော်ဟာ မိုရီတိုင်းရင်းသားတွေဆီက စိတ်ကူးစိတ်သန်း ရယူတဲ့ “ပူးပေါင်းမှု၊ လုပ်ဆောင်မှု၊ ဖွံ့ဖြိုးမှု၊ လက်တွဲမှု” ပဲ ဖြစ်တယ်လို့ ပြောပါတယ်။ 

“အစဉ်အလာအရ မိုရီတိုင်းရင်းသားတွေဟာ သဟဇာတဖြစ်စွာနဲ့ ကနူးလှေကို တည်ဆောက်ကြရမှာ ဘုံပန်းတိုင် တစ်ရပ်တည်း ရှိတယ်၊ ကနူးလှေတွေဟာ သမုဒ္ဒရာရဲ့ ကျယ်ပြန့်တဲ့အပိုင်းဆီ လှော်ခတ်နိုင်တယ်၊ ဒီလိုပါပဲ၊ အေပက်ရဲ့ လိုအပ်နေတဲ့ ပူးပေါင်းဆောင်ရွက်ရေး အားထုတ်မှုဟာလည်း ဘုံပန်းတိုင်တစ်ရပ်ဆီ ရောက်ဖို့ပဲ ဖြစ်တယ်”လို့ ဂျက်စင်ဒါ အာဒန်းက ပြောပါတယ်။ 

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း ၂၀၂၂ မှာ အေပက်အစည်းအဝေးတွေ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတာအတွက် ထိုင်းနိုင်ငံအနေနဲ့ ဂုဏ်ယူကြောင်းနဲ့ ဘုံဖွံ့ဖြိုးရေးအတွက် အေပက်စီးပွားရေးနိုင်ငံတွေနဲ့အတူ အတူတကွ ဆက်လက်လက်တွဲ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ 

“ထိုင်းနိုင်ငံဟာ အေပက်အတွက် ပဋိပက္ခတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲပစ်နိုင်အောင် ကြိုးပမ်းသွားမယ်၊ ဒါကြောင့် COVID-19 ကပ်ဘေးနောက်ပိုင်း ကမ္ဘာကြီးမှာ အောင်မြင်စွာ ပြောင်းလဲမှုတွေကို ကျွန်တော်တို့ ဖော်ဆောင်နိုင်မှာ ဖြစ်တယ်၊ လူတိုင်းကိုယ်စီ ပါဝင်တာနဲ့အတူ ဟန်ချက်ညီပြီး တာရှည်မြဲတဲ့ ဖွံ့ဖြိုးမှုကို ဖော်ဆောင်သွားကြမယ်”လို့ ပရာယွတ် ချန်အိုချာက ပြောပါတယ်။ 

“ပွင့်လင်းမှု၊ ချိတ်ဆက်မှုရှိမှု၊ ဟန်ချက်ညီမှု” ဆိုတာဟာလည်း ‘အခွင့်အရေးတိုင်းကို ပွင့်လင်းမြင်သာစွာ ရှိစေမှု’၊ ‘အဖက်ဖက်မှာ ချိတ်ဆက်မှု ရှိရေး’ နဲ့ ‘ဖြစ်ရပ်တိုင်းမှာ ဟန်ချက်ညီမှု’ တွေကို ကိုယ်စားပြုမျှော်လင့်တဲ့ အာဘော်ပဲ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required