ယခုနှစ် ပထမနှစ်ဝက်အတွင်း အာဖဂန်နစ္စတန်၌ အကြမ်းဖက်မှုကြောင့် ကလေး ၄၆၀ ဦး သေဆုံး

By Times Now News
13 November 2021
ယခုနှစ် ပထမနှစ်ဝက်အတွင်း အာဖဂန်နစ္စတန်၌ အကြမ်းဖက်မှုကြောင့် ကလေး ၄၆၀ ဦး သေဆုံး

အာဖဂန်နစ္စတန်တွင် ယခုနှစ် ၂၀၂၁ ၏ ပထမနှစ်ဝက်အတွင်း အတောမသတ်နိုင်သော အကြမ်းဖက်မှုများကြောင့် အနည်းဆုံး ကလေးငယ် ၄၆၀ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ယင်း၏ ယခုနောက်ဆုံးထုတ်သည့် အစီရင်ခံစာတစ်ရပ်တွင် ပြောခဲ့သည်။

ယင်း အစီရင်ခံစာတွင် မိန်းကလေး လေးဦးနှင့် ယောကျ်ားလေး နှစ်ဦး အပါအဝင် မိသားစုတစ်စုတည်းမှ မိသားစုဝင် ကိုးဦး သေဆုံးသည့် ဖြစ်စဥ်တစ်ခုကိုလည်း ကိုးကားဖော်ပြထားပြီး ၎င်းတို့သည် နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက ခွန်ဒုဇ်ပြည်နယ်ရှိ နေအိမ်တစ်လုံးအတွင်း စစ်ကျန် ပေါက်ကွဲစေသော ပစ္စည်းတစ်ခု ပေါက်ကွဲခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း TOLOnews က ဖော်ပြသည်။

အခြားကလေးသုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။ အာဖဂန်နစ္စတန်ရှိ လူထောင်ပေါင်းများစွာတို့၏ ဘဝများအပေါ် ဆယ်စုနှစ်လေးစုကြာ ပဋိပက္ခ လှိုင်းများကြောင့် ထိခိုက်သက်ရောက်နေခဲ့ကြောင်း ယင်းက အလေးပေးပြောသည်။

နန်ဂါဟာပြည်နယ်ရှိ ပဋိပက္ခအတွင်း ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည့် အသက် ၆ နှစ်အရွယ် ဟီဘတ်တူလာအမည်ရ ယောကျ်ားလေးတစ်ဦးက ယခုအခါ ၎င်းသည် ခြေတုတစ်ခုကိုသာ အားကိုးနေရသည်ဟု ပြောခဲ့သည်။

"ကျွန်တော့်သားက နန်ဂါဟာက တိုက်ပွဲတစ်ခုအတွင်း ကျည်ဆံမှန်ခဲ့တယ်၊ သူ့ကို အချိန်အကြာကြီး ဆေးရုံတင်ခဲ့ရတယ်၊ အဲဒီနောက် သူ့ခြေထောက်ကို ဖြတ်ပစ်ခဲ့ရတယ်" ဟု ဟီဘတ်တူလာ၏ ဖခင်ဖြစ်သူ အဗ္ဗဒူလာက ပြောသည်။

လက်ရှိအချိန်တွင် ၎င်းတို့မိသားစုသည် မျှော်လင့်ချက်မဲ့လာနေပြီဖြစ်ကြောင်း ၎င်းက အလေးပေးပြောသည်။ ကလေးငယ်ကို လက်ရှိအချိန်တွင် ကြက်ခြေနီအသင်းက ကုသမှုပေးနေပြီး ၎င်းတို့က ကလေးငယ်အတွက် ခြေတုတစ်ချောင်း လုပ်ပေးထားခဲ့ကြောင်း အဗ္ဗဒူလာက ပြောသည်။

ရောဂါကုထုံးပညာရှင်တစ်ဦးဖြစ်သည့် မိုဟာမက် ဖာဟင်က ပြောကြားရာတွင် နေ့စဥ် ၎င်းထံ ရောက်လာသည့် ကလေးငယ် ၁၀ ဦးမှ ၁၅ ဦးအထိသည် ဦးနှောက်အေးခဲမှုကို ခံစားနေခဲ့ရသူများဖြစ်ကြောင်း ပြောခဲ့သည်။

အခြေအနေသည် အလွန် အန္တရာယ်ကြီးပြီး ယင်းကဲ့သို့ ဖြစ်စဥ်များအတွက် ၎င်းက စစ်ပွဲကို အပြစ်တင်ခဲ့သည်။

အာဖဂန်ကလေးငယ်များ၏ အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ယူနီဆက်ဖ်ကလည်း ထုတ်ဖော်ထားသည်။

"ဒီနှစ်ထဲ လက်ရှိအချိန်ထိ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် သေဆုံးတဲ့ ကလေးငယ်ဦးရေနဲ့ပတ်သက်လို့ ကျွန်တော်တို့ အင်မတန် စိုးရိမ်ပူပန်မိပါတယ်၊ ကလေးတစ်ယောက် သေဆုံးတာက စိတ်နှလုံးကွဲကြေစရာဖြစ်ပါတယ်" ဟု ယူနီဆက်ဖ်၏ ဆက်သွယ်ရေး၊ ကူညီပံ့ပိုးမှုနှင့် လူထု ချိတ်ဆက်ပတ်သက်မှုဆိုင်ရာအကြီးအကဲ ဆာမန်သာ မော့တ်က ပြောကြောင်း TOLOnews က ဖော်ပြသည်။

နှစ်များစွာနှင့်ကြာ အာဖဂန်ကလေးငယ်များသည် ဆင်းရဲမွဲတေမှု၊ အာဟာရချို့ငဲ့မှုတို့နှင့် ရင်ဆိုင်လုံးပန်းထားခဲ့ရကြောင်း ယူနီဆက်ဖ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly