အီရန်၏ ချာဘာဟာဆိပ်ကမ်း၌ အာဖဂန်ပို့ကုန်တင်ပို့မှု ရပ်ဆိုင်းနေ

By Zee5
13 November 2021
အီရန်၏ ချာဘာဟာဆိပ်ကမ်း၌ အာဖဂန်ပို့ကုန်တင်ပို့မှု ရပ်ဆိုင်းနေ

ပြီးခဲ့သည့် သုံးလအတွင်း အီရန်နိုင်ငံ၏ ချာဘာဟာဆိပ်ကမ်းကနေတဆင့် အာဖဂန်နစ္စတန်၏ ပို့ကုန်တင်ပို့မှုများသည် တုံ့ဆိုင်းရပ်တန့်နေခဲ့ကြောင်း အာဖဂန်ကုန်သည်ကြီးများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသင်းချုပ် (ACCI) မှ တာဝန်ရှိသူများကို ကိုးကားပြီး ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် ကြုံတွေ့နေရသည့် လက်ရှိ နိုင်ငံရေး စိန်ခေါ်မှုများက ယင်းနိုင်ငံထံမှ ပို့ကုန်တင်ပို့မှုနှုန်း နှေးကွေးနေခြင်း၏ နောက်ကွယ်ရှိ အဓိကအကြောင်းရင်း ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ယုံကြည်နေကြကြောင်း TOLONews က ဖော်ပြသည်။

"ကျွန်တော်တို့ ပို့ကုန်မတင်ပို့တဲ့အချိန်၊ ဒါက ချာဘာဟာဆိပ်ကမ်း ဒါမှမဟုတ် အခြားတစ်နေရာရာကနေတဆင့် ကျွန်တော်တို့ မတင်ပို့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး၊ ဆိုလိုတာက ကျွန်တော်တို့ ပို့ကုန်တွေ မရှိဘဲ သွင်းကုန်တွေအပေါ်မှာပဲ လုံးလုံးလျားလျား မှီခိုနေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်" ဟု စီးပွားရေး အကဲခတ် ဆေယက်ဒ် မာဆွတ်ဒ်၏ ပြောကြားချက်ကို TOLONews က ကိုးကားဖော်ပြသည်။

နိုင်ငံ၏ ဂျီဒီပီ ကျဆင်းခြင်းက ချာဘာဟာ ဆိပ်ကမ်းကနေတဆင့် ပို့ကုန်တင်ပို့မှုများအပေါ် သက်ရောက်မှုတစ်ခု ရှိနေခဲ့လိမ့်မည်ဟု စီးပွားရေးပညာရှင်များက တွက်ဆနေကြသည်။

ကျွန်တော်တို့ရဲ့ ကုန်သည်တွေ အခြားနိုင်ငံတွေဆီ သူတို့ရဲ့ ကုန်စည်တွေကို တင်ပို့တဲ့အခါမှာ သူတို့ဟာ သူတို့ရဲ့ ငွေကြေးတွေကို ဘဏ်အကောင့်တွေကနေတဆင့် လက်ခံရရှိကြပါတယ်၊ ဒါပေမယ့် ဘဏ်ဝန်ဆောင်မှုတွေက အာဖဂန်နီငွေ ၃၀,၀၀၀ ဝန်းကျင်ပဲ ခွင့်ပြုတဲ့အတွက် ဒါက စုစုပေါင်းအရောင်းအဝယ်ရဲ့ ၅ ရာခိုင်နှုန်းခန့်နဲ့ပဲ ညီမျှနေပါတယ်၊ ဒါက ကုန်သည်တွေအတွက် ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်နေပါတယ်" ဟု စီးပွားရေးအကဲခတ် ဘာဟ်ရမ် ရာမစ်ရှ်၏ ပြောဆိုချက်ကို ကိုးကားပြီး TOLONews က ဖော်ပြသည်။

ACCI ၏ စာရင်းအချက်အလက်များအရ စားသောက်ကုန်များပါသည့် အရွယ်အစားကြီး သင်္ဘောတစ်စင်း ချာဘာဟာဆိပ်ကမ်းကနေတဆင့် ၁၅ ရက်တိုင်း အာဖဂန်နစ္စတန်သို့ ပို့ဆောင်နေသော်လည်း ယင်းနိုင်ငံ၏ ပို့ကုန်များမှာ ဆက်လက် ရပ်ဆိုင်းထားရကြောင်း သတင်းချန်နယ်က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly