KIO ဌာနချုပ် ကိုဗစ်ကူးစက်မှု ၃၀၀၀ ကျော်ရှိပြီး ကာကွယ်ရေးသုံး ပစ္စည်းများ လိုအပ်

KIO ဌာနချုပ် ကိုဗစ်ကူးစက်မှု ၃၀၀၀ ကျော်ရှိပြီး ကာကွယ်ရေးသုံး ပစ္စည်းများ လိုအပ်

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၀၀၀ ကျော် ရှိသွားပြီ ဖြစ်ပြီး PPE ဝတ်စုံများနှင့် ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများ၊ ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု KIO ၏ COVID-19 ရောဂါ တားဆီးနှိမ်နှင်းရေး ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ (ယနေ့) တွင် လိုင်ဇာမြို့အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၄၈ ဦး ထပ်တိုးလာ သည့်အတွက် ယခုလက်ရှိ စုစုပေါင်းမှာ ၃၄၀၀ ကျော် ရှိသွားပြီဟု KIO ၏ COVID-19 ရောဂါ တားဆီးနှိမ်နှင်း ရေး ကော်မတီက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က “အခု ကျ နော်တို့ လိုင်ဇာတဝိုက်မှာဆိုလို့ရှိရင် အများပိုင်းတော့ ရပ်ကွက်တိုင်းမှာလိုလို နောက်ပြီး လူစုလူဝေးတွေ ကျောင်းတွေ၊ ဘော်ဒါဆောင်တွေမှာဆိုလို့ရှိရင် ကိုဗစ်က တော်တော်ပြန့်နှံ့နေပြီ။ အများဆုံးဆိုရင် ဝေကျိုင်မှာ အများဆုံး ၅၀၀ နည်းနည်းကျော်တယ်။ ကျန်တဲ့နေရာတွေကတော့ အလမ့်ဘွမ်မှာ နည်းနည်းများတယ်။ ကျန် တဲ့ နေရာတွေမှာဆိုရင် ၁၀ ကျော်၊ ၆၀ ကျော်၊ ၇၀ ကျော် အဲ့လို။ ကျနော်တို့က အခု အလုပ်အဖွဲ့တွေ ခွဲထားပြီး တော့ တာဝန်ယူပြီး ထိန်းချုပ်နိုင်ဖို့အတွက် လုပ်ဆောင်နေတယ်” ဟု ပြောသည်။

အောက်တိုဘာလ တတိယအပတ်က စတင်၍ လိုင်ဇာမြို့အတွင်း ကိုဗစ်-၁၉ ကူးစက်မှုများ စတွေ့လာခဲ့ရသည့် အတွက် မြို့ကိုလည်း နိုဝင်ဘာလ ၂ ရက်နေ့ကစတင်ပြီး Lockdown ချထားကာ နေ့စဉ် ပြည်သူရာနှင့်ချီကို ဆေး စစ်ခြင်းတွေ လုပ်ပေးနေရသည်ဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ် က ပြောသည်။

ထို့ကြောင့် PPE ဝတ်စုံများ၊ ကိုဗစ်ရောဂါပိုးစစ်တဲ့ပစ္စည်း၊ လက်အိတ်နှင့် တခြားအသုံးအဆောင်ပစ္စည်းများ အပြင် ကျန်းမာရေးဝန်ထမ်းများလည်း လုံလောက်မှု မရှိဘူးဟု KIO ၏ COVID-19 ရောဂါတား ဆီးနှိမ်နှင်းရေး ကော်မတီ တာဝန်ရှိသူက ပြောသည်။

“အခက်အခဲတော့ အဓိကဆိုရင် အစားအသောက်၊ နောက်ပြီးဆေးဝါး၊ အကာအကွယ် အသုံးဆောင်ပစ္စည်း၊ အခု က PPE က တော်တော်သုံးနေတယ်။ အားလုံး လုံခြုံရေးတွေရော၊ နောက်ပြီး အစားအသောက်မှာ တာဝန်ယူတဲ့၊ ချက်ပြုတ်ရေးဘက်မှာ တာဝန်ယူတဲ့ အားလုံးက PPE ဝတ်ပြီးတော့ လုပ်ဆောင်နေတယ်ဆိုတော့ အဲ့ဒီဘက်မှာ လည်း တော်တော်လိုနေတယ်။ နောက်ပြီး ပိုးသတ်ဆေး၊ ကိုလိုရင်း၊ ဟိုက်ပိုကရိုရိုက် အဲ့ဒါတွေ တော်တော်လို တယ်။ အခု တချို့ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေလည်း ကျောင်းသားတွေ ဆရာဝန်သင်တန်းကျောင်းက လူ တွေလည်း Positive တွေပါလာတယ်” ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ် က ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အလမ်ဘွမ်အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၄၁ ဦး တိုးလာပြီး၊ ဂျေယန့်စစ်ရှောင်စခန်းတွင် ၁၃၆ ယေက်၊ ဖုန်လုံယန်စစ်ရှောင်စခန်းတွင် ၃၅ ဦး နှင့် ဖုန်မိုင်ယန်တွင် ၃၆ ယောက် ရှိသည်။

လက်ရှိအချိန်ထိ လိုင်ဇာမြို့ကို Lockdown ချထားရသည့်အတွက် ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ် က “စိန်ခေါ်မှုတွေ အများကြီးပဲ။ သူတို့ရဲ အစားအသောက်မှာ ဖြေရှင်းဖို့ တော် တော် ပြဿနာဖြစ်တယ်။ နောက်တစ်ခုက မြို့တွင်းမှာ Lockdown ချထားတယ်ဆိုတော့ တပတ်ကျော်ကျော် ဖြစ်ပြီ အဲ့ဒီမြို့တွင်းမှာ ရှိတဲ့လူတွေလည်း ရိက္ခာတွေ အစောကတည်းက စုဆောင်းထားတာလည်း မရှိဘူးဆို တော့ ဖြစ်သလိုနဲ့ပဲ ရသလောက်နဲ့ပဲ ဝယ်ပြီးမှာ စားသုံးနေရာတော့ အခုတော့ တပတ်ဆိုရင် အများဖြင့်က အစားအသောက်တွေ ခက်ခဲတယ်။ ကျနော်တို့ Lockdown ချထားရင်လည်း မနေနိုင်တော့ဘူး အပြင်ထွက် လာတယ်။ စည်းကမ်းပိုင်းမှာလည်း အားနည်းချက်က တော်တော်ရှိလာတယ်” ဟု ပြောသည်။

KIO ၏ COVID-19 ရောဂါ တားဆီးနှိမ်နှင်းရေး ကော်မတီ၏ စာရင်းဇယားများအရ နိုဝင်ဘာလ ၁၁ ရက်နေ့ အထိ စာရင်းမှာ ၂၂၆၆ ဦး ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ခဲ့ရာမှာ ယနေ့တွင် ၁၁၄၈ ထပ်တိုးလာခဲ့သည်။ သို့သော် စစ်ဆေးထားဆဲလူနာများလည်း ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။

“အောက်တိုဘာလမှာ မုန်လိုင်ခက်မှာ စပြီး Positive နှစ်ယောက်တွေ့တယ်။ သူတို့ကစပြီး သူတို့နဲ့ ထိတွေ့လူနာ တွေကို စုံစမ်းတယ်။ အယောက် ၄၀ ကျော်လောက်ရှိတယ် သူတို့သွားထိတွေ့တဲ့လူတွေက။ အဲ့ဒါကို သူတို့ကို တစ်ပတ်တစ်ကြိမ် တစ်ပတ်တစ်ကြိမ်စစ်နေတဲ့ အတောအတွင်းမှာ အဲ့ဒီ Contact person ကနေ စတွေ့လာ တယ်။ Contact person ကို ဖော်ထုတ်နေတဲ့ အတောအတွင်းမှာ အဲ့လိုပြန့်သွားတာဖြစ်တယ်” ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။

လိုင်ဇာမြို့ တစ်မြို့လုံးကို Lockdown ချထားသည့်အတွက် နိုဝင်ဘာလ ၉ ရက်နေ့က အိမ်ထောင်မိသားစု ၄၀၀၀ ကျော်အား အခြေခံစားနပ်ရိက္ခာအချို့ကို KIO က ပေးဝေထားပြီး ပြည်သူများကို အဓိကထားစောင့်ကြည့်ရန် အရေးပေါ်အဖွဲ့ ၄ ဖွဲ့ကိုလည်း ဖွဲ့စည်းကာ ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေသည်ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က ပြောပါတယ်။

ကိုဗစ်လူနာစင်တာတွင် လုပ်ဆောင်ရမည့်အဖွဲ့ ၊ ပြည်သူများအတွက် အစားအသောက် ဖြေရှင်းပေးရေးအဖွဲ့၊ ဆေးကုသ စစ်ဆေးပေးသည့်အဖွဲ့ နှင့် မြို့ကို Lockdown ချထားသည့်အတွက် စည်းကမ်းပိုင်းနှင့် လုံခြုံရေးပိုင်း တာဝန်ယူရသည့်အဖွဲ့ စသည့်အဖွဲ့များကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ ခွဲဝေကာ ကိုဗစ်ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေကြရသည်ဟု ဆိုသည်။

ကိုဗစ်ကူးစက်မှုများ နေ့စဉ်တိုးနေရသေးသည့်အတွက် မြို့ကို ဆက်လက် Lockdown ချထားအုံးမှာဖြစ်သည်ဟု KIO ၏ COVID-19 ရောဂါ တားဆီးနှိမ်နှင်းရေး ကော်မတီ က ပြောသည်။

သို့သော် Lockdown ရက်ကြာလာပါက ပြည်သူများစားသောက်ရေး ရိက္ခာအတွက် တစ်လလျှင် အနည်းဆုံး သုံးကြိမ်ခန့် အခြေခံစားသောက်ကုန်များကို ထပ်ပေးဝေသွားရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly