အမေရိကန် ကုန်သွယ်ရေး အဆင့်မြင့်အရာရှိ အိန္ဒိယသို့ နိုဝင်ဘာ ၂၂-၂၃ တွင် လာရောက်မည်

အမေရိကန် ကုန်သွယ်ရေး အဆင့်မြင့်အရာရှိ အိန္ဒိယသို့ နိုဝင်ဘာ ၂၂-၂၃ တွင် လာရောက်မည်

အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေး အဆင့်မြင့်အရာရှိ ကက်သရင်းတိုင်သည် နိုဝင်ဘာ ၂၂ ရက်တွင် အိန္ဒိယနိုင်ငံသို့ ၂ ရက်ကြာခရီး လာရောက်ကာ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပီယွတ်ရှ်ဂိုယယ်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း အွန်လိုင်းမှ တွေ့ဆုံမှုအပြီး နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်ကြေညာလိုက်သလို နှစ်နို်ငငံ ကုန်သွယ်ရေးကိုလည်း တိုးမြှင့်သွားမည်ဟု ကတိပြုပြောကြားခဲ့ကြသည်။

သမ္မတဟောင်းထရမ့်လက်ထက်က အပြန်အလှန် အရေးယူမှုများနှင့် အခွန်ကောက်ခံမှုများကြောင့် နှစ်နို်ငငံအကြား ကုန်သွယ်ရေး တင်းမာမှုကို ဖြေရှင်းရန် သမ္မတဘိုင်ဒင်၏ အစိုးရက ပထမဆုံးအကြိမ်အဖြစ် တိုင်၏ ခရီးစဉ်တွင် ထိရောက်စွာ လုပ်ဆောင်မည်ဖြစ်သည်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာလည်း ယခုအချိန်တွင် တိုးတက်လျက်ရှိသည်။

အိန္ဒိယက ဒေါ်လာ ၄၆ ဒသမ ၂ ဘီလျံ တန်ဖိုးရှိ ကုန်ပစ္စည်းများကို ဇူလိုင်လမှ ဩဂုတ်လအတွင်း အမေရိကန်သို့ ပေးပို့ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်းက ဒေါ်လာ ၅၁ ဒသမ ၂ ဘီလျံနှင့် ၂၀၁၉ ခုနှစ်အတွင်းက ဒေါ်လာ ၅၇ ဒသမ ၈ ဘီလျံ အသီးသီးရှိခဲ့ကြောင်း အမေရိကန်အစိုးရ၏ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

တိုင်နှင့် ဂိုယယ်တို့သည် အွန်လိုင်းမှ တွေ့ဆုံစဉ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆက်ဆံမှု တိုးမြှင့်ရန်နှင့် အမေရိကန်-အိန္ဒိယ ကုန်သွယ်ရေးမူဝါဒဖိုရမ် (TPF) အား အနာဂတ်တွင် အောင်မြင်အောင် လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြကြောင်း အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ခဲ့သည်။

၂၀၀၅ ခုနှစ်က စတင်ထူထောင်ခဲ့သည့် TPF သည် ကုန်သွယ်ရေးကိစ္စရပ်များကို ဆွေးနွေးရန် နှစ်နို်ငငံအကြား အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည်။ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများ၊ သဘောမတူညီမှု အများအပြားကို ဖြေရှင်းရမည် ဖြစ်သော်လည်း ရံဖန်ရံခါသာ တွေ့ဆုံမှုရှိခဲ့သည်။

အိန္ဒိယဈေးကွက်သို့ ပိုမိုဝင်ရောက်ခွင့်ရရန်နှင့် ကုန်သွယ်မှုတွင် အတားအဆီးများ ဖြစ်နေသည့် အိန္ဒိယအစိုးရ၏ ဆောင်ရွက်ချက်များကို ဖယ်ရှားရန် အမေရိကန်တို့က တောင်းဆိုမှုကြောင့် ဖြစ်သော သဘောထားကွဲလွဲမှု အများအပြားကို ဖြေရှင်းရေးအတွက် အိန္ဒိယနှင့် ထရမ့်အစိုးရတို့က ကြိုးပမ်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly