အိန္ဒိယ နိုင်ငံ၏ အရန် ပြည်ပငွေကြေး ပိုင်ဆိုင်မှုအတွင်းသို့ ရွှေ ၇၅ တန် ထပ်မံဖြည့်သွင်း

By The Indian Express
13 November 2021
အိန္ဒိယ နိုင်ငံ၏ အရန် ပြည်ပငွေကြေး ပိုင်ဆိုင်မှုအတွင်းသို့ ရွှေ ၇၅ တန် ထပ်မံဖြည့်သွင်း

အိန္ဒိယအစိုးရက နိုင်ငံ၏ လက်ရှိ အရန် ပြည်ပငွေကြေး ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၆၄၀ ဘီလျံအတွင်းသို့ ရွှေများကို ထပ်မံ ဖြည့်သွင်းလိုက်သဖြင့် အိန္ဒိယအရန်ငွေကြေးဘဏ် (RBI) သို့ လွန်ခဲ့သည့် ၁၂ လအတွင်း ရွှေ ၇၅ ဒသမ ၅၉ တန်ရောက်ရှိလာပြီး နိုင်ငံ၏ အရန်ရွှေပမာဏသည်လည်း များစွာ မြင့်တက်လာခဲ့သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ RBI တွင် ရွှေတန်ချိန် ၇၄၃ ဒသမ ၈၄ ရှိကြောင်း စာရင်း ထုတ်ပြန်ထားသောကြောင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ရှိသည့် ရွှေတန်ချိန် ၆၆၈ ဒသမ ၂၅ တန်ထက် ၁၁ ရာခိုင်နှုန်း ပိုမို စုဆောင်းထားသည်။

ပိုင်ဆိုင်ထားသည့် ရွှေတန်ဖိုးမှာလည်း ဒေါ်လာ သန်း ၉၆၀ (ရူပီး ကုဋေ ၇၁၅၀ ဝန်းကျင်) မြင့်တက်ကာ ယမန်နှစ်က ဒေါ်လာ ၃၆ ဒသမ ၄၂ ဘီလျံရှိရာမှ ယခုနှစ် စက်တင်ဘာတွင် ဒေါ်လာ ၃၇ ဒသမ ၃၈၉ ဘီလျံအထိ ရောက်ရှိသွားသည်။ ယမန်နှစ်က ရွှေ ၁၀ ဂရမ်လျှင် ရူပီး ၅၆၀၀၀ ရှိရာမှ ရူပီး ၄၈၀၀၀ သို့ ကျဆင်းသွားသောကြောင့် စုစုပေါင်းတန်ဖိုး လျော့ကျသွားခြင်းဖြစ်သည်။

လွန်ခဲ့သော ၂ နှစ်အတွင်း RBI ၏ ရွှေသိုလှောင်ထားရှိမှုသည် ၁၂၅ ဒသမ၆ တန်မြင့်တက်သွားရာ အိန္ဒိယသည် ကမ္ဘာပေါ်တွင် အရန်ရွှေပိုင်ဆိုင်မှု အများဆုံး အဆင့် ၉ နိုင်ငံသို့ ရောက်ရှိသွားသည်။

အင်္ဂလန်ဘဏ်နှင့် နို်ငငံတကာ ပေးချေမှုများဘဏ် (BIS) တွင် သွားရောက်အပ်နှံထားသည့် ရွှေပမာဏသည် ၄၅၁ ဒသမ ၅၄ မက်ထရစ်တန်ဖြစ်ပြီး တန်ချိန် ၂၉၂ ဒသမ ၃၀ ကို ပြည်တွင်း၌ သိမ်းဆည်းထားကြောင်း RBI ၏ ပြည်ပအရန်ငွေကြေး စီမံခန့်ခွဲရေးဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly