ရှင်ကျန်းရှိ ဝီဂါမွတ်စလင်များအပေါ် တရုတ်အစိုးရ၏ တိုက်ခိုက်မှု မြင့်တက်လာဟု အမေရိကန်အစီရင်ခံစာ၌ ဖော်ပြ

By Zee5
13 November 2021
ရှင်ကျန်းရှိ ဝီဂါမွတ်စလင်များအပေါ် တရုတ်အစိုးရ၏ တိုက်ခိုက်မှု မြင့်တက်လာဟု အမေရိကန်အစီရင်ခံစာ၌ ဖော်ပြ

ရှင်ကျန်းပြည်နယ်ရှိ ဝီဂါမွတ်စလင်များအပေါ် တရုတ်၏တိုက်ခိုက်မှုများသည် အရှိန်မြင့်လာပြီး အများအားဖြင့် အတင်းအကျပ် သားကြောဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကျွန်ပြုခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အတင်းအကျပ် လွှဲပြောင်းပေးခြင်းများ စသည့်လုပ်ရပ်များပါဝင်သည်ဟု နိုဝင်ဘာ ၉ ရက်ထုတ် အမေရိကန်အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။

‘မိမိတို့ကို တဖြည်းဖြည်း ပျောက်ကွယ်သွားစေရန် တရုတ်အစိုးရ၏ ဝီဂါအပေါ် ကျူးလွန်မှု’ ဟူသောခေါင်းစဉ်ဖြင့် ဂျေးဆက်ဟီမန်းနက်က The New York Times ၌ ရေးသားသော အမေရိကန် Holocaust အထိမ်းအမှတ်ပြတိုက် အစီရင်ခံစာသည် အဆိုပါပြတိုက်၏ ၂၀၂၀ခုနှစ် မတ်လ ထုတ်ပြန်ချက်တွင် တရုတ်အစိုးရက ဝီဂါများအပေါ် လူသားမျိုးနွယ်ဆိုင်ရာဖိစီးနှိပ်စက်မှုနှင့် ထောင်သွင်းအကျဉ်းချမှုကို ကျူးလွန်ခဲ့ကြောင်းကို ယုံကြည်စေသည့် "ကျိုးကြောင်းဆီလျော်သော အခြေခံအကြောင်း" များရှိသည်ဟု ဆိုထားသည်။

ပြတိုက်၏ ကိုယ်ကျင့်တရားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ တွမ်ဘန်စတိန်းက ဝီဂါမျိုးနွယ်များအပေါ် ရာဇဝတ်မှုများကို ရပ်တန့်ရန်နှင့် လွတ်လပ်သော နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများကို စုံစမ်းစစ်ဆေးခွင့်ပြုရန် တရုတ်အစိုးရအား တောင်းဆိုခဲ့သည်။

"တရုတ်အစိုးရက ဝီဂါဆိုင်ရာရာဇဝတ်ပြစ်မှုတွေအကြောင်း အချက်အလက်တွေကို အများမမြင်ရအောင် တတ်နိုင်သမျှ ထိန်းသိမ်းထားပါတယ်။ ရဲရင့်တဲ့ ဝီဂါတက်ကြွလှုပ်ရှားသူတွေဆီကရတဲ့ စာရွက်စာတမ်းတွေအပါအဝင် အခုအချိန်အထိ ထွက်ပေါ်လာသမျှ အချက်အလက်တွေဟာ ဆိုးရွားပြင်းထန်လှပါတယ်” ဟု ဘန်းစတိန်းက ပြောသည်။

ပြတိုက်၏ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေးဆိုင်ရာSimon-Skjodt စင်တာမှ ဒါရိုက်တာ နာအိုမီကစ်ကိုလာက “အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ဝီဂါအသိုင်းအဝိုင်းအပေါ် တရုတ်အစိုးရရဲ့ တိုက်ခိုက်မှုဟာ အတိုင်းအတာနဲ့ ပြင်းထန်မှုအရ စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။ ဝီဂါတစ်ဦးချင်းစီ၊ မိသားစုတွေနဲ့ သူတို့ရဲ့အသိုင်းအဝိုင်းအပေါ် ထိခိုက်ပျက်စီးမှုတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အမာရွတ်တွေ ကျန်ရစ်စေခဲ့ပါတယ်။ အဲဒီရက်စက်ကြမ်းကြုတ်မှုတွေကြောင့်ရတဲ့ စိတ်ဒဏ်ရာတွေဟာဝီဂါမျိုးဆက်တွေကို ထိခိုက်စေလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

အစီရင်ခံစာတွင် တရုတ်အစိုးရအား ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ အစုအလိုက်ပြုံလိုက်ကျူးလွန်ခြင်းကို ချက်ခြင်းရပ်တန့်ရန် တောင်းဆိုထားပြီး အတင်းအကျပ် သားကြောဖြတ်ခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းများ အဆုံးသတ်ခြင်းကဲ့သို့သော လုပ်ဆောင်မှုများကို ဖော်ပြထားသည်။

သို့သော် ထိုသို့သော ရာဇဝတ်မှုများကို နှစ်ပေါင်းများစွာ ငြင်းဆိုထားသည့် တရုတ်အစိုးရသည် အစီရင်ခံစာကြောင့် တုန်လှုပ်ချောက်ချားခြင်း သို့မဟုတ် ယင်းတောင်းဆိုချက်များအား လိုက်နာဆောင်ရွက်ခြင်းများ ဖြစ်မလာနိုင်ဟု ဟီမန်းနက် က ရေးသားခဲ့သည်။ တရုတ်သည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု လူသိရှင်ကြား ကြေညာထားပြီးဖြစ်သောကြောင့် အမေရိကန်နှင့် ရပ်တည်ချက်ချင်းတူညီသော အစိုးရများသည် ဝီဂါများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ အဆုံးသတ်စေရန် တရုတ်ကို ဖိအားပေးရေးအားထုတ်မှုကို အဓိကလုပ်ဆောင်နေရမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly