အမေရိကန်ကို ထိခိုက်စေရန် ဈေးကွက် ပိုမိုဖွင့်ပေးရေးနှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်အဖွဲ့တွင် ပါဝင်ရန် တရုတ်သမ္မတ ကတိပြု

အမေရိကန်ကို ထိခိုက်စေရန် ဈေးကွက် ပိုမိုဖွင့်ပေးရေးနှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်အဖွဲ့တွင် ပါဝင်ရန် တရုတ်သမ္မတ ကတိပြု

သမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံ၏ပြည်တွင်းဈေးကွက်ကို ဖွင့်လှစ်ရန် နိုဝင်ဘာ ၄ ရက်က ကတိပြုခဲ့ပြီး လွတ်လပ်သောကုန်သွယ်မှုကို ကာကွယ်ပေးရာ၌ အမေရိကန်၏ ကဏ္ဍကို လျှော့ချနိုင်ရန်အလို့ငှာ ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ဘက်စုံတိုးတက်ရေးသဘောတူစာချုပ် (CPTPP) တွင် ပါဝင်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

ရှန်ဟိုင်းတွင် နိုဝင်ဘာ ၅ ရက်က ဖွင့်လှစ်လိုက်သော ၆ ရက်ကြာ ကုန်စည်ပြပွဲ China International Import Expo သို့ သမ္မတရှီကျင့်ဖျင်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၁၀ စုနှစ်နှစ်ခုက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့ချိန်မှစပြီး ၎င်း၏ ထပ်တိုးကတိကဝတ်တွင် အလုံးစုံသောအကောက်ခွန်နှုန်းထားကို သတ်မှတ်အဆင့်အောက်သို့ လျှော့ချခဲ့ကြောင်း အလေးထားပြောကြားခဲ့သည်ဟု NHK World က ဖော်ပြခဲ့သည်။

ကုန်စည်ပြပွဲသည် နိုင်ငံနှင့်ဒေသပေါင်း ၁၂၀ ကျော်မှ စီးပွားရေးလုပ်ငန်းများနှင့် အခြားအဖွဲ့အစည်းများကို တစ်စုတစ်ဝေးတည်း ပါဝင်စေမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ပိုမိုပွင့်လင်းသော၊ အားလုံးပါဝင်နိုင်သော၊ ဟန်ချက်ညီပြီး အားလုံးအတွက်အကျိုးရှိသော ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအတွက် ၎င်း၏ကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်းနှင့် CPTPP တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်ဟု NHK World က ဖော်ပြခဲ့သည်။

တရုတ်သည် ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နှင့် စင်ကာပူအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ပါဝင်သည့် ကုန်သွယ်ရေးသဘောတူညီချက်တွင် ပါဝင်ရန် စက်တင်ဘာလက လျှောက်ထားခဲ့သည်။ အမေရိကန်သည် သဘောတူညီချက်ကို တီထွင်ဖန်တီးခဲ့သူဖြစ်သော်လည်း ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိပေ။

သမ္မတရှီသည် ပြည်တွင်းလုပ်ငန်းကာကွယ်ရေးမူဝါဒများကျင့်သုံးသည်ဟု ယူဆသော အမေရိကန်ကဲ့သို့သော အခြားနိုင်ငံများနှင့် ဆန့်ကျင်လျက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအပေါ် ၎င်း၏ ရပ်တည်ချက်ကို အလေးပေးပြောကြားရန် ကြိုးပမ်းခဲ့ကြောင်း NHK World က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly