ဒီမိုကရေစီကို ကာကွယ်ရန် ဥရောပက ထိုင်ဝမ်နှင့်အတူ ရပ်တည်နေ

ဒီမိုကရေစီကို ကာကွယ်ရန် ဥရောပက ထိုင်ဝမ်နှင့်အတူ ရပ်တည်နေ

ထိုင်ဝမ်သည် တစ်နိုင်ငံတည်းမဟုတ်ဘဲ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို ကာကွယ်ရန် ဥရောပက အတူရပ်တည်နေမည်ဖြစ်ကြောင်း ထိုင်ဝမ်ကို အလည်အပတ်ရောက်ရှိနေသည့် ဥရောပပါလီမန် (EP) ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ ရာဖေး ဂလတ်မန်က သမ္မတ စိုင်အမ်ဝမ်ကို နိုဝင်ဘာ ၄ရက်တွင် ပြောကြားလိုက်သည်။

ဥရောပသမဂ္ဂ၏ ဒီမိုကရေစီလုပ်ငန်းစဉ်များတွင် ပြည်ပဝင်ရောက်စွက်ဖက်မှုနှင့်ပတ်သက်၍ လုပ်ဆောင်နေ သည့် ဥရောပပါလီမန်အမတ်များအဖွဲ့(MEPs) သည် ထိုင်ဝမ်သို့ ၃ရက်ကြာ ခရီးစဉ်ကို နိုဝင်ဘာ ၃ရက်တွင် စတင်ခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့သည် သတင်းအမှားပေးမှုများကို တိုက်ဖျက်ရာတွင် ထိုင်ဝမ်အတွေ့အကြုံများ၊ ထိုင်ဝမ်ဒီမိုကရေစီ၊ မီဒီယာ၊ ယဉ်ကျေးမှုနှင့် ပညာရေးတွင် ဝင်ရောက်စွက်ဖက်ရန်ကြိုးပမ်းမှုများအပြင် ယင်း၏ ဆိုက်ဘာခုခံမှုအားကောင်းစေရန် ထိုင်ဝမ်၏ ကြိုးပမ်းမှုများကိုလည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

"သမ္မတ @စိုင်အမ်ဝမ်- ထိုင်ဝမ် တစ်ယောက်တည်း မဟုတ်ပါဘူး။ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့ဂုဏ်သိက္ခာကို ကာကွယ်ရေးမှာ ဥရောပက ခင်ဗျားနဲ့အတူ ရပ်တည်နေပါတယ်" ဟု ဂလတ်မန်က တွစ်တာတွင် ရေးသားခဲ့သည်။

"ထိုင်ဝမ်အတွက် ဥရောပ၏ ခိုင်မာသော ပံ့ပိုးကူညီမှု" အတွက် ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့အား ကျေးဇူးတင်ရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

"ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးမှုနဲ့ ညီညွတ်မှုတို့ကို ဖော်ညွှန်းတဲ့ စေတနာသတင်းစကားအတွက် @ ဂလတ်မန်ကို ကျေးဇူးတင်ပါတယ်။ အစိုးရနဲ့ ပြည်သူတွေက @ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်နဲ့ #ဥရောပက ထိုင်ဝမ်အတွက် ပိုမိုခိုင်မာသော ပံ့ပိုးကူညီမှုတွေကို အထူးပင်ကျေးဇူးတင်ပါတယ်။ #ထိုင်ဝမ်က တစ်ယောက်ထဲမဟုတ်ဘူးဆိုတာကို မိမိတို့ သိရှိနားလည်စေပါတယ်” ဟု ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောသည်။

ဥရောပပါလီမန်အဖွဲ့၏ အကြီးအကဲက ထိုင်ဝမ်၏ ဒီမိုကရေစီစနစ် ထွန်းကားလာမှုသည် “လေးစားစရာ” ဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုတွင် ထိုင်ဝမ်၏ အတွေ့အကြုံများလေ့လာလိုကြောင်း နိုဝင်ဘာ ၃ရက်တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၃ရက်က ထိုင်ဝမ်ဝန်ကြီးချုပ် စုစန်းချန်နှင့် တွေ့ဆုံစဉ်တွင် INGE ဥက္ကဌနှင့် ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ရာဖေး ဂလတ်မန်က "ထိုင်ဝမ်၏ ဒီမိုကရေစီ ထွန်းကားမှုသည် ခန့်ညားလေးစားဖွယ် ကောင်းသည်" ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly