ရေကြီးမှုကြောင့် ပျက်စီးသွားခဲ့သော ဘုရားရှိခိုးကျောင်းအတွက် မြေနေရာ လိုအပ်

ရေကြီးမှုကြောင့် ပျက်စီးသွားခဲ့သော ဘုရားရှိခိုးကျောင်းအတွက် မြေနေရာ လိုအပ်

မုံရွာ၊ ဒီဇင်ဘာ ၂၈ ။ ။ သြဂုတ်လအတွင်း ရေကြီးရေလျံမှုများကြောင့် ပျက်စီးသွားခဲ့သော ဘုရား ရှိခိုးကျောင်းအတွက် မြေနေရာ လိုအပ်လျက် ရှိကြောင်း တမူးမြို့နယ် ခမ်းပါတ်မြို့နယ်ခွဲ ကနန်ကျေးရွာရှိ ဒေသခံများထံမှ သိရသည်။ 

တမူးမြို့နယ် ခမ်းပါတ်မြို့နယ်ခွဲ ကနန်ကျေးရွာတွင် ရေကြီးမှုများကြောင့် လူနေအိမ်များ နှင့် လယ်ယာမြေ ဧက ၇၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး တမူးမြို့အတွင်း အဆိုးဝါးဆုံးသော ပျက်စီးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

"လူနေအိမ် ၁၀၀ နဲ့ ဘုရားရှိခိုးကျောင်း တစ်ကျောင်း ပျက်စီး သွားခဲ့တယ်။ အခု မြေနေရာတွေ ပြန်ဖော်တဲ့အခါမှာ လူနေအိမ်အတွက်သာပါရှိပြီးတော့ ဘုရားကျောင်းအတွက် နေရာမပါဘူး ဖြစ်နေတယ်။ ရွာမှာက ခရစ်ယာန် ဘာသာဝင်တွေ အများဆုံး ရှိတာ ဆိုတော့ ဘုရားကျောင်းတော့ လိုအပ်တာပေါ့ "ဟု ကနန်ကျေးရွာ ဒေသခံ ဦးမားငိုက်အာ ကပြောသည်။ 

ခရစ်ယာန်ဘုရားရှိခိုးကျောင်းသည် နှစ် ၂၀ ကျော်ခန့်ကတည်းက တည်ရှိခဲ့သော ဘုရားကျောင်းတစ်ခုဖြစ်ပြီး အဆိုပါ ကနန်ကျေးရွာတွင် ထာတိုချင်း၊ လူစိုင်းချင်း၊ ဖလမ်းချင်း နှင့် ဗမာ အနည်းငယ်ခန့် နေထိုင်ကြသော အိမ်ခြေ ၁၂၀၀ ရှိရွာကြီးတစ်ရွာဖြစ်ကြောင်း၊ ခရစ်ယာန်ဘာသာဝင် ၉၉ ရာခိုင်းနှုန်း ရှိသော ရွာတစ်ရွာဖြစ်ကြောင်း သိရသည်။ 

"အခုလောလောဆယ် လူနေအိမ်အတွက် အရေးကြီးဆုံး ဖြစ်လို့ အရင်ဆုံးလုပ်ဆောင်နေပါတယ်။ ပြီးရင်တော့ ဘုရားကျောင်းအတွက် ဆက်လက် လုပ်ဆောင်ပေးသွားပါ့မယ်။ ဒေသခံတွေအနေနဲ့ အလှူငွေရှိလို့ ဘုရားကျောင်းအရင် ဆောက်ချင်တယ် ဆိုလည်း နေရာပေးသွားပါ့မယ်။"ဟု တမူးမြို့နယ် ခမ်းပါတ်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးစောချမ်းက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly