မီတာခမဆောင်သည့် မန္တလေးက လုပ်ငန်းအချို့ကို စစ်ကောင်စီက မီးလိုက်ဖြတ်နေ

မီတာခမဆောင်သည့် မန္တလေးက လုပ်ငန်းအချို့ကို စစ်ကောင်စီက မီးလိုက်ဖြတ်နေ

နိုဝင်ဘာ ၁၂

မန္တလေးမြို့တွင် မီတာခမပေးဆောင်သည့်လုပ်ငန်းတချို့ကို စစ်ကောင်စီက စစ်သားများ ကိုယ်တိုင် အင်အားသုံးခြောက်လှန့်ပြီး မီးလိုက်ဖြတ်နေကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

“ဒီမနက်ပဲမီးဖြတ်သွားတယ်ဗျ၊ အလုပ်ရုံကအလုပ်လည်းမလုပ်ရတာကြာပြီ၊ အလုပ်မရှိလို့ရပ်ထားရတာကို Bill ဆောင်ခိုင်းတယ်၊ တစ်ခါမှသွားမဆောင်ဘူး၊ သိပ်လည်းသွားမကြည့်ဖြစ်ဘူး၊ အခုမီးဖြတ်သွားတယ်ဆိုလို့သွားကြည့်တော့မှ အဟုတ်ကြီးဖြစ်နေတယ်” ဟု အမည်မဖော်လိုသူလုပ်ငန်းရှင် တစ်ဦးကပြောသည်။

စစ်ကောင်စီသည် မန္တလေးမြို့ကလုပ်ငန်းရှင်တချို့ကို ယခုလအစောပိုင်းက ခေါ်ယူတွေ့ဆုံကာ၊ မီတာခမပေးဆောင်ပါက မီးဖြတ်မည်ဟုပြောဆိုခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူများနှင့် နီးစပ်သည့်အသိုက်အဝန်းမှတစ်ဆင့်သိရသည်။

“ကျွန်တော်တို့နားကဟိုတယ်လည်း မီးဖြတ်ခံရတယ်၊ ဟိုတယ်ကပိတ်ထားရတော့ အလုပ်မဖြစ်လို့မဆောင်ဘူးပြောတာကို မီးလာဖြတ်သွားတယ်၊ စစ်ကားသုံးလေးစီး နဲ့စစ်သားတွေကိုယ်တိုင်လာဖြတ်တာ” ဟု ဒေသခံတစ်ဦးကပြောသည်။

COVID-19 ရောဂါကြောင့်လုပ်ငန်းများရပ်နားထားရသည့်လုပ်ငန်းရှင်များအနေနှင့် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းလည်း လုပ်ငန်းများပြန်မလည် ပတ်နိုင်တာကြောင့် မီတာခပေးဆောင်ရန်အခက်အခဲရှိကြကြောင်းသိရသည်။

“လုပ်ငန်းမလည်ပတ်နိုင်တော့ မီတာခဆောင်ဖို့လည်းအဆင်မပြေဘူး၊ တချို့ ဆောင်မယ်ဆိုပြန်တော့လည်း ကြွေးကျန်တွေပါဆောင်ခိုင်းတယ်တဲ့၊ အခက်အခဲကိုရုံးမှာလာပြောဆိုလို့သွားပြောတော့လည်း ရုံးမှာကစစ်သားတွေချည်းပဲ၊ မန်နေဂျာခုံမှာထိုင်နေတာကစစ်သား၊ ဘယ်လိုမှညှိလို့မရတော့ မဆောင်ဘဲနေကြတာများတယ်” ဟု လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

မန္တလေးမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့မှယနေ့အထိ ရေသန့်စက်ရုံတစ်ရုံအပါအဝင်လုပ်ငန်း ၁၀ ခုခန့်အား မီတာခမပေးဆောင်သဖြင့် စစ်ကောင်စီက မီးဖြတ်ခဲ့ကြောင်းသိရပြီး၊ ယနေ့နံနက်ပိုင်းတွင်လည်း မြို့လယ်ခေါင်ဆေးရုံတစ်ရုံကို စစ်ကောင်စီလက်နက်ကိုင်များကအင်အားသုံးခြောက်လှန့်ပြီး မီးဖြတ်ခဲ့ကြောင်း သတင်းထွက်နေသည်။

ပုံစာ - ယနေ့ နိုဝင်ဘာ ၁၂ရက် နံနက်ပိုင်းက မန္တလေးမြို့တွင်း တနေရာတွင် မီးလိုက်ဖြတ်နေသည့် စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ-CJ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly