ယင်းမာပင်မြို့နယ်၊ သံဘိုရွာတွင် PDF အဖွဲ့ဝင်အိမ်ကို စစ်ကောင်စီမီးရှို့၊စာသင်ကျောင်းဝင်း အတွင်းရှိ ပစ္စည်းများပါ ဖျက်ဆီးသွား

ယင်းမာပင်မြို့နယ်၊ သံဘိုရွာတွင် PDF အဖွဲ့ဝင်အိမ်ကို စစ်ကောင်စီမီးရှို့၊စာသင်ကျောင်းဝင်း အတွင်းရှိ ပစ္စည်းများပါ ဖျက်ဆီးသွား

နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး သွားပြီး အစိုးရစာသင်ကျောင်းဝင်း အတွင်းရှိ ပစ္စည်းများပါ ဖျက်ဆီးသွားကြောင်း ပီဒီအေ-ယင်းမာပင် (People Defence Army - Yinmarbin) အဖွဲ့ဝင် တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီ မိနစ်၃၀ ခန့်တွင် အဆိုပါ နေအိမ်ကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်။

"PDF အဖွဲ့ဝင် တစ်ယောက်ရဲ့ အိမ်ကို ဝင်စီးတာ။ အိမ်မှာတော့ ဘယ်သူမှ မရှိဘူး။ အဲတော့ အိမ်ကို မီးရှို့ လိုက်ကြတယ်။ သူတို့ အရန်အင်အားက မြစ်အရှေ့ဘက်ကမ်းမှာ ရာကျော်လောက်တော့ ရှိသေးတယ်"ဟု ၎င်းက ပြောသည်။

သံဘိုရွာသည် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းဘေးတွင် ရှိသည့် ရွာဖြစ်ပြီး စစ်ကောင်စီ တပ်သား အင်အား ၃၀ ကျော်သည် ရေကြောင်းမှ တစ်ဆင့် ဝင်ရောက် လာခြင်းဖြစ်သည်။

ယနေ့ ညနေ ၃ နာရီ မိနစ် ၃၀တွင်လည်း စစ်ကောင်စီတပ်များ ကျေးရွာအတွင်း ထပ်မံ ဝင်ရောက်လာပြီး ရွာသား ခုနှစ်ဦးကို ဖမ်းခေါ်သွားသည့်အပြင် ကျေးရွာစာသင်ကျောင်းအတွင်းက ပစ္စည်းများကို မီးပုံရှို့ကာ နေအိမ်များ၊ ဈေးဆိုင်များအတွင်းမှ ပစ္စည်းများကိုပါ ယူဆောင် သွားကြောင်း ပီဒီအေ-ယင်းမာပင် အဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ဒီကောင်တွေ ကျွန်တော်တို့ အများပြည်သူပိုင် စာသင်ကျောင်းက ပစ္စည်းတွေကိုလည်း ဖျက်ဆီးပြီး မီးပုံရှို့သွားတယ်။ နေအိမ်တွေကိုလည်း ဝင်တယ်။ စျေးဆိုင်တွေက ပစ္စည်းတွေကိုလည်း လုယူသွားတယ်။ အရက်ပုလင်းတွေ ဘာတွေပေါ့။ ပြီးတော့ ပြည်သူ ခုနှစ်ယောက်ကိုလည်း ဖမ်းဆီးသွားပါတယ်။ အခု အဲဒီနေရာမှာ ကင်းပုန်းတွေလည်း ရှိကောင်း ရှိနိုင်တယ်" ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ကနီမြို့နယ်၊ တဇယ်ချောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ် နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်သုံး၍ တိုက်ခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required