ပုလဲမြို့နယ်ရှိ ရွာ ၂ ရွာကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၊ လူနေအိမ်များ ပျက်စီးပြီး ရွာခံ ၄ ဦး ထိခိုက်ဒဏ်ရာရ ဟုဆို

ပုလဲမြို့နယ်ရှိ ရွာ ၂ ရွာကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၊ လူနေအိမ်များ ပျက်စီးပြီး ရွာခံ ၄ ဦး ထိခိုက်ဒဏ်ရာရ ဟုဆို

နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ မြကုန်းကျေးရွာနှင့် သေတ္တရာကျေးရွာ နှစ်ရွာကို နိုဝင်ဘာလ ၁၁ ရက် ည ၇ နာရီခန့်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ခုနှစ်ချက်ခန့် ပစ်ခတ်ခဲ့ရာ ရွာအတွင်းရှိ လူနေအိမ်များပျက်စီးပြီး ရွာခံလေးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမကို ဆက်သွယ်ပြောဆိုသည်။

"ကျွန်တော်တို့ အပြစ်မဲ့ပြည်သူတွေကို ခြိမ်းခြောက်တဲ့ အဆင့်မျိုးတင် မကတော့ဘူး။ အသက်သေသည်အထိ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာ။ အခုဟာက မနေ့ကည ၇ နာရီကျော်လောက်မှာ တိုက်ပွဲဖြစ်နေတာမျိုး မဟုတ်ဘဲ ရွာထဲကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိကို လှမ်းပစ်ခဲ့တာ" ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် မြကုန်းရွာမှ လူနေအိမ် ငါးလုံး ပျက်ဆီးခဲ့ပြီး သွပ်မိုးများ အပေါက်များဖြစ်သွားကာ အိမ်တစ်လုံးမှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အလားတူ သေတ္တရာကျေးရွာတွင်လည်း လူနေအိမ် ငါးလုံးထိခိုက် ပျက်စီးခဲ့ပြီး ဒေသခံ လေးဦးဒဏ်ရာရရှိခဲ့သည့် အနက် တစ်ဦးမှာ လက်မောင်း ဒဏ်ရာပြင်းထန်ရာ လက်ရှိတွင် ခွဲစိတ်ကုသမှု ခံယူနေသည်ဟု သိရသည်။

Pale PDF- headquarters အဖွဲ့ ဝင် တစ်ဦးက "ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာ လူ့အခွင့်အရေးချိုးဖောက်မှု ပြောင်ပြောင်မြောက်မြောက်ကြီးကို ကျူးလွန်နေတာဗျာ"ဟု ပြောသည်။

ယမန်နေ့ညက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ခြင်းဖြစ်ကြောင်း Pale PDF- headquarters အဖွဲ့ တာဝန်ရှိသူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly