ထန်တလန်မြို့တွင် လူနေအိမ် ၇ လုံး ထပ်မံ မီးရှို့ ဖျက်ဆီးခံရ

By ပါခွီး
12 November 2021
ထန်တလန်မြို့တွင် လူနေအိမ် ၇ လုံး ထပ်မံ မီးရှို့ ဖျက်ဆီးခံရ

နိုဝင်ဘာ ၁၂

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၁ရက် ညပိုင်းအချိန်၌ စစ်ကောင်စီတပ်ဖွဲ့က လူနေအိမ် ခုနှစ်လုံးကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံမှ သိရသည်။

“သူတို့က စစ်တပ်ကုန်းနဲ့ နီးတဲ့ နေရာတွေမှာ အိမ်တွေကိုမီးရှို့တယ်။ အဓိက က သူတို့တပ်စခန်းတွေ ကိုလာတိုက်ရင် ပုန်းခိုးစရာနေရာ မရှိအောင်လုပ်တဲ့သဘော လို့ယူဆတယ်” ဟု CNA ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီမှ ပြောသည်။

နိုဝင်ဘာလ ၂ ရက်၊ ၆ ရက် နှင့် ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဒေသခံ များ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ယမန်နေ့ မီးရှို့ဖျက်ဆီးမှုနှင့် ဆိုလျှင် မီးရှို့ခဲ့မှု လေးကြိမ်ရှိပြီဖြစ်ကာ လူနေအိမ် ၂၀ ကျော် မ်ီးလောင်ပျက်စီးခဲ့ရသည်ဟု ၎င်းကဆိုသည်။

ထန်တလန်မြို့တွင် လူဦးရေ ၁၀,၀၀၀ ဝန်းကျင်နှင့် အိမ်ခြေ ၁,၅၀၀ ခန့် ရှိပြီး ပြီးခဲ့သည့်လက ဘုရားကျောင်း သုံးကျောင်းအပါဝင် လူနေအိမ်ခြေ ၂၁၀ ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ထားသေးသည်။

မြို့ခံများသည် စက်တင်ဘာလ ကစ၍ အနီးအနားရှိရွာများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်များသို့ စစ်ဘေးတိမ်းရှောင် ကြရကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required