မင်းတပ်-မတူပီကားလမ်း နေရာအချို့၌ တောင်ဇလပ်ပန်းနှင့် ချယ်ရီပန်းများ အချိန်စော ဖူးပွင့်နေ

မင်းတပ်-မတူပီကားလမ်း နေရာအချို့၌ တောင်ဇလပ်ပန်းနှင့် ချယ်ရီပန်းများ အချိန်စော ဖူးပွင့်နေ
Photo- Hkl

မင်းတပ် ၊ နိုဝင်ဘာ -၁၂

ချင်းတောင်တန်းပေါ်တွင် တစ်နှစ်တစ်ကြိမ်သာ ပွင့်သည့် တောင်ဇလပ် ပန်းများနှင့် ချယ်ရီပန်းများ မင်းတပ်-မတူပီကားလမ်းနေရာအချို့တွင် အချိန်စောပြီးစတင်ဖူးပွင့်နေတာကို မြင်တွေ့နေရသည်။

ချင်းပြည်နယ်တွင် တောင်ဇလပ်ပန်းကို အမျိုးသားပန်းအဖြစ် အမြတ်တနိုး တန်ဖိုးထားကြပြီးတောင်ဇလပ် ပန်း အနီ၊ အဖြူ နှင့် အဝါ ဟူ၍ သုံးမျိုးရှိသည်။

''တောင်ဇလပ်ပန်းနှင့် ချင်းဆိုတာက ခွဲခြားလို့ မရပါဘူး။ ချင်းတောင်တန်းကြီးတွေရဲ့ သဘာဝအလှတရားတွေထဲမှာ တောင်ဇလပ်ပန်းကလည်း မပါမဖြစ်ပြောရမယ်။ မြောက်ပိုင်းဘက်ခြမ်းမှာ ကနေဒီတောင်ကြော တစ်ဝိုက်မှာဆိုရင် တောင်ဇလပ်အနီတွေ ပွင့်တာများတယ်။ တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်ဘက်မှာတော့ တောင်ဇလပ်အနီ၊ အဝါနဲ့ အဖြူတွေပါ ပွင့်ကြတယ်''ဟု မင်းတပ်ဒေသခံတစ်ဦးကပြောသည်။

''ဒီနှစ်က ပွင့်ချိန်မတိုင်ခင် တောင်ဇလပ်တွေ စောပွင့်တဲ့ သဘောဖြစ်နေတယ်။ ခါတိုင်းဆို ဒီဇင်ဘာလလယ်လောက်ကနေ မတ်လအထိပဲ တောင်ဇလပ်ကပွင့်တာက ထုံးစံလေ၊ အခု အဲဒီနေရာတွေက တိုက်ပွဲတွေ ဖြစ်နေတော့ တောင်ဇလပ်ပန်းရဲ့အလှကိုတောင်ခံစားရတော့မှာ မဟုတ်ဘူး'' ဟု ၎င်းကဆိုသည်။

ချင်းပြည်နယ်အတွင်းရှိ တောင်ဇလပ်ပန်း၊ အောက်ချင်းဌက်တို့နှင့် ပတ်သက်ပြီးနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမျိုးသားရေးတာဝန်အဖြစ် ထိန်းသိမ်းကြရန် မိန့်ခွန်းတချို့တွင် ထည့်သွင်းပြောကြားထားသည်။

မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှလည်း တောင်ဇလပ်ဖြူ၊ တောင်ဇလပ်နီ၊ တောင်ဇလပ်ဝါ အပင်မျိုးစိတ်များကို မျိုးတုန်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ရမည့် သဘာဝအပင်စာရင်းအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly