ရဲချုပ်သန်းလှိုင် တူရကီတွင်ပြုလုပ်မည့် အင်တာပိုအထွေထွေညီလာခံတက်ရောက်မည်

ရဲချုပ်သန်းလှိုင် တူရကီတွင်ပြုလုပ်မည့် အင်တာပိုအထွေထွေညီလာခံတက်ရောက်မည်

နိုဝင်ဘာ ၁၁

တူရကီနိုင်ငံတွင်ကျင်းပမည့် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပို၏ အထွေထွေညီလာခံသို့ မြန်မာနိုင်ငံ စစ်ကောင်စီဘက်မှ ရဲချုပ် ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်တက်ရောက်မည်ဟု ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များက မဇ္ဈိမကိုပြောသည်။

အစ္စတန်ဘူလ်မြို့တွင်နို ဝင်ဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိကျင်းပမည့် (၈၉) ကြိမ်မြောက် အင်တာပိုညီလာခံတက်ရောက်ရန် ယခုအခါ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ဆင်ရေးများအတွက် အနီးကပ်ကွပ်ကဲမှုပေးနေရသူ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးလည်းဖြစ်သူ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်က ဦးဆောင်သွားမှာဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်နှင့်အဖွဲ့သည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ မြို့တော် ဒူဘိုင်းတွင် Transit (ခရီးအကူးအပြောင်း တထောက်နား )မှာလည်းဖြစ်ကာ နိုဝင်ဘာ ၂၆ ရက်နေ့တွင် အစ္စတန်ဘူလ်မှပြန်လည်ထွက်ခွာမှာဖြစ်သည်ဟု သိရသည်။

အဖွဲ့ဝင် ၁၉၄ နိုင်ငံရှိသော အင်တာပို၏နှစ်စဉ်ကျင်းပသော အထွေထွေညီလာခံတွင် မူဝါဒဆိုင်ရာအဓိကဆုံးဖြတ်ချက်များ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အရင်းအမြစ်လိုအပ်ချက်များ၊ အကောင်အထည်ဖော်သောနည်းနာများ၊ ဘဏ္ဍာရေးနှင့် လုပ်ဆောင်မည့်အစီအစဉ်များဆွေးနွေးကြလေ့ရှိသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြသူများကို အင်အားသုံးဖြိုခွဲရာတွင် တာဝန်ရှိသူဟုဆိုကာ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်းဖြစ်သူ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က ဒဏ်ခတ်ပိတ်ဆို့မှု့စာရင်းတွင်ထဲ့သွင်းထားသည်။

အဆိုပါအရေးယူမှုတွင် ဥရောပသမဂ္ဂနယ်နမိတ်အတွင်း ခရီးသွားလာခွင့်၊ ဖြတ်သန်းသွားလာခွင့်များပါ ပိတ်ပင်မှုပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required