တရုတ်၏ ဆက်ဆံပုံသည် ဥရောပသမဂ္ဂအတွက် သတိပေးချက် တစ်ခုဖြစ်ကြောင်း လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်၏ ဆက်ဆံပုံသည် ဥရောပသမဂ္ဂအတွက် သတိပေးချက် တစ်ခုဖြစ်ကြောင်း လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်၏ လစ်သူယေးနီးယားအပေါ် ဆက်ဆံမှုသည် ဥရောပအတွက် သတိပေးချက် တစ်ခုဖြစ်ကြောင်း ဝါရှင်တန်တွင် ကျင်းပသည့် လုံခြုံရေး ဖိုရမ်တွင် လစ်သူယေးနီးယားနိုင်ငံခြားရေး ဒုဝန်ကြီး အာနိုးပရန်ကီဗက်စ်က ပြောကြားလိုက်သည်။

လစ်သူယေးနီးယားနိုင်ငံ၊ ဗေးနပ်စ်မြို့ရှိ ထိုင်ဝမ်ရုံးကို ထိုင်ဝမ်ကိုယ်စားလှယ်ရုံးဟု ခေါ်တွင်မည်ဖြစ်ကြောင်း သြဂုတ်လတွင် ကြေညာခဲ့ပြီးနောက် ယခုပြောကြားချက် ဆက်လက်ထွက်ပေါ်လာခြင်းဖြစ်သည်။

လစ်သူယေးနီးယားနိုင်ငံခြားရေး ဒုဝန်ကြီး အာနိုးပရန်ကီဗက်စ်က ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်နှင့် ဆက်ဆံရာတွင် စည်းလုံးညီညွတ်ကြရန် တောင်းဆိုခဲ့သလို “ဒီမိုကရေစီကို ကာကွယ်ချင်ရင် ဒီမိုကရေစီအတွက် ရပ်တည်ပေးဖို့ လိုပါတယ်” ဟု နိုဝင်ဘာ ၃ရက်တွင် ပြောကြားသည်။

ဘောလ်တစ်နိုင်ငံဖြစ်သော လစ်သူယေးနီးယားက ရုံးခန်းအမည်ပြောင်းလဲရန် တောင်းဆိုမှုကို ခွင့်ပြုခဲ့သဖြင့် တရုတ်အစိုးရက သံအမတ်ကြီးအား ပြန်လည်ခေါ်ယူခဲ့ပြီး တရုတ်ပြည်ဆိုင်ရာ လစ်သူယေးနီးယား သံအမတ်ကြီးကိုလည်း ပြန်လည်ခေါ်ယူခဲ့သလို နောက်ထပ် "နိုင်ငံရေးအကျိုးဆက်များ" ခံယူရမည်ဟု တရုတ်က ခြိမ်းခြောက်ခဲ့သည်။

တရုတ်၏ ခါးပတ်လမ်းစီမံကိန်းအရ ဗေးနပ်စ်မြို့ကို ဆက်သွယ်သည့် ကုန်စည်ရထား ဝန်ဆောင်မှုများကို တရုတ်က ရပ်ဆိုင်းခဲ့ပြီး လစ်သူယေးနီးယား အစားအစာ တင်ပို့ရောင်းချသူများ လျှောက်ထားသည့် လိုင်စင်အသစ်များကိုလည်း ပယ်ဖျက်ခဲ့သည်။

တရုတ်က ဒီမိုကရေစီနည်းကျ အုပ်ချုပ်သည့် ထိုင်ဝမ်ကို ယင်း၏ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာ ပြောကြား ထားပြီး ထိုင်ဝမ်အား သီးခြားနိုင်ငံတစ်ခုအဖြစ် အကြံပြုချက်မှန်သမျှကို ဒေါသနှင့် တုန့်ပြန်ခဲ့သည်။

"တရုတ်နဲ့သံတမန်ဆက်ဆံရေး ထူထောင်တဲ့ အခါ ချမှတ်ထားတဲ့ နိုင်ငံရေး ကတိကဝတ်တွေကို လိုက်နာဖို့နဲ့ နောက်ပြန်ဆုတ်လို့မရတဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ မချဖို့ လစ်သူယေးနီးယား အစိုးရကို တိုက်တွန်းလို ပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေပင်က ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေးရှိသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံသာရှိသော်လည်း အခြားနိုင်ငံများက သံရုံးကဲ့သို့သော ထားရှိသည့် ရုံးများကို ကုန်သွယ်ရေးရုံးများဟု မကြာခဏခေါ်ဝေါ်ကြပြီး တရုတ်နှင့် ပဋိပက္ခဖြစ်မှုကို ရှောင်ရှားလိုသဖြင့် ထိုင်ဝမ်ကို ရည်ညွှန်းမှုကို ရှောင်လွဲကာ မြို့တော် အမည်ဖြစ်သော တိုင်ပေအမည်ကို သုံးစွဲကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly