ပေကျင်းတွင် လေထုညစ်ညမ်းမှုကြောင့် လမ်းမများနှင့် ကစားကွင်းများကို ပိတ်ထား

ပေကျင်းတွင် လေထုညစ်ညမ်းမှုကြောင့် လမ်းမများနှင့် ကစားကွင်းများကို ပိတ်ထား

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် လေထုညစ်ညမ်းမှုကြောင့် အဝေးပြေးလမ်းများနှင့် ကစားကွင်းများကို နိုဝင်ဘာ ၅ ရက်က ပိတ်ထားခဲ့သည်။ တရုတ်သည် ကျောက်မီးသွေး ထုတ်လုပ်မှုကို အရှိန်မြှင့်နေပြီး နိုင်ငံတကာ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲများတွင် ၎င်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မှတ်တမ်းများအပေါ် စိစစ်မှုကို ရင်ဆိုင်နေရချိန်တွင် ယခုပြဿနာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပေကျင်း စည်ပင်သာယာရေး အစိုးရအဖွဲ့သည်လေထုညစ်ညမ်းမှု ဆိုးရွားလာသည့် အတွက် အဝါရောင် သတိပေးချက် ထုတ်ပြန်ခဲ့ကာ နိုဝင်ဘာ ၄ ရက် ညနေ ၄ နာရီမှ စတင်အသက်ဝင်ခဲ့သည်ဟု ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။ လေထုညစ်ညမ်းမှုအတွက် နိုင်ငံ၏သတိပေးစနစ်အရ အနီရောင်သည် အပြင်းထန်ဆုံးသတိပေးချက်ဖြစ်သည်။ ၎င်းအောက်တွင် လိမ္မော်၊ အဝါနှင့် အပြာရောင်တို့ ဖြစ်သည်။

မြို့တော်မိုးလေဝသအာဏာပိုင်များ၏ အဆိုအရ နိုဝင်ဘာ ၃ ရက်မှ ၆ ရက်အထိ ပေကျင်းနှင့် အနီးတစ်ဝိုက် ဒေသများတွင် မီးခိုးမြူများ ဖုံးလွှမ်းမှုနေခဲ့ကာ ရာသီဥတုအခြေအနေ ဆိုးရွားခဲ့သည်။

ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံးထုတ်လွှတ်သည့်နိုင်ငံဟု ယူဆရသောတရုတ်သည် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး တင်းကျပ်သော ရည်မှန်းချက်များကြောင့် စွမ်းအင်အကျပ်အတည်းဖြစ်ကာ မကြာသေးမီလများအတွင်း ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းစဉ်များ ထိခိုက်ခဲ့ရပြီး ကျောက်မီးသွေးထုတ်လုပ်မှုကို အရှိန်မြှင့်ခဲ့သည်ဟု Bangkok Post ၌ဖော်ပြထားသည်။

နိုဝင်ဘာ ၅ ရက်က တရုတ်နိုင်ငံ မြောက်ပိုင်းဒေသများတွင် မီးခိုးမြူများ ထူထပ်စွာ ဖုံးလွှမ်းသွားခဲ့သလို အချို့နေရာများတွင် မီတာ ၂၀၀ အကွာအဝေးအတွင်းသာ မြင်နိုင်သည်။

တရုတ်တွင် မကြာသေးခင်လများအတွင်းက စွမ်းအင်ပြတ်တောက်မှုကြောင့် စက်ရုံများကို ပိတ်ခဲ့ရသည့် ပြဿနာကို သက်သာစေရန် နေ့စဉ်ကျောက်မီးသွေးထုတ်လုပ်မှုကို တန်ချိန် ၁သန်းကျော်အထိ တိုးမြှင့်ခဲ့သည်ဟု ယခုသီတင်းပတ်အစောပိုင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly