သမ္မတအာဒိုဂန်ကို စော်ကားမှုစွဲချက်ဖြင့် တူရကီပန်းပုကျော် ထောင်ကျမည့်အလားအလာကို ရင်ဆိုင်နေရ

သမ္မတအာဒိုဂန်ကို စော်ကားမှုစွဲချက်ဖြင့် တူရကီပန်းပုကျော် ထောင်ကျမည့်အလားအလာကို ရင်ဆိုင်နေရ

အစ္စတန်ဘူ၊ ဇွန်-၂၃ ။        ။ နာမည်ကြီး တူရကီပန်းပုဆရာတစ်ဦးမှာ ၎င်း၏ လက်ရာနှင့်ပတ်သက်၍ အာဏာရှင်ဆန်သော တူရကီခေါင်းဆောင်နှင့် အငြင်းပွားမှုဖြစ်ပွားပြီးနောက် သမ္မတ ရီစက်တေးယစ် အာဒိုဂန်ကို စော်ကားမှုစွဲချက် များဖြင့်ထောင်ဒဏ် ၄နှစ်ကျခံရမယ့်အလားအလာကို ရင်ဆိုင်နေရပါတယ်။

မတ်လက တူရကီနဲ့ အာမေးနီးယားတွေကြား ရင်ကြားစေ့မှုကို မြှင့်တင်ဖို့ ရည်ရွယ်ဖန်တီးထားသည့် ပန်းပုပညာရှင် မားမတ် အက်ဆွိုင်းရဲ့ ''လူသားမျိုးနွယ်၏ ရုပ်တု (Monument of Humanity)''ကို သမ္မတအာဒိုဂန်က မကောင်းဆိုးရွားလို့ ခေါ်တွင်ခဲ့သည့် အတွက် ရုံးတော်က အာဒိုဂန်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

အန်ကာရာရုံးတော်က အကျော်ဒေးယျ ပန်းပုဆရာကြီးကို စော်ကားသည့်အတွက် သမ္မတအာဒိုဂန်အား နစ်နာကြေး တူရကီလိုင် ရာ ၁၀၀၀၀ (ကန်ဒေါ်လာ ၃၇၅၀)ပေးလျော်ရန် အမိန့်ပေးခဲ့သည်။

ယခုအခါတွင်မူ အငြင်းပွားမှုနှင့်ပတ်သက်သည့် မှတ်ချက်တစ်ခုတွင် သမ္မတကို စော်ကားသည်ဟူသည့် အကြောင်းပြချက်များဖြင့် အစိုးရရှေ့နေများက ပန်းပုကျော်ကြီး အက်ဆွိုင်းအား ၅၆လ  ထောင်ချရန် ကြိုးစားလာကြသည်။ အစိုးရရှေ့နေများက အာဒိုဂန်၏ ဝင်ငွေများမှာ တရားမဝင်ရလာသည့်ငွေများဖြစ်သည်ဟု အဓိပ္ပာယ်သက်ရောက်သော စကားကို အက်ဆွိုင်းပြောခဲ့သည် ဟုပြော ကြားသော်လည်း အက်ဆွိုင်းကမူ ယင်းပြောဆိုချက်ကို ငြင်းဆန်ထားသည်။

အတိုက်အခံများက တိုးတိုးပြီးအာဏာရှင်ဆန်လာနေပြီး ဝေဖန်မှုများကို သည်းမခံဟု စွပ်စွဲနေကြည့်အထဲ၊ အာဒိုဂန်ကို စော်ကား မှုစွဲချက်များဖြင့် တူရကီအမြောက်အများကို ရုံးတော်သို့ ခေါ်ဆောင်လာနေသောကြောင့် စိုးရိမ်မှုများ မြင့်တက်လာနေချိန်တွင် ယခု ကဲ့သို့ ပန်းပုကျော် အက်ဆွိုင်း၏ အမှု ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။

အာဒိုဂန်နှင့် အမှုမှ နစ်နာကြေးရသည့် ငွေများကို မည်ကဲ့သို့သုံးစွဲမည်နည်းဟု မေးမြန်းသည့်အခါတွင် ပန်းပုကျော်အက်ဆွိုင်းက ''ညစ်ပတ်တဲ့ငွေတွေနဲ့ ဘယ်တော့မှ ပန်းပုမထုဘူး''ဟု ပြန်လည်ပြောကြားခဲ့ရာ ဤုပြောဆိုချက်ကိုပင် အာဒိုဂန်နှင့် ၎င်း၏ အတွင်း လူအသိုင်းအဝိုင်းကို အဂတိလိုက်စားသယောင် စော်ကားမှုအဖြစ် ကိုးကားခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

''ပန်းပုဆရာဘဝတစ်လျှောက်လုံးမှာ ကျောက်တုံး ၁၀တန်နီးပါးလောက်ကို ထုခဲ့ပြီးပြီ။ လုပ်သမျှ လုပ်အားစိုက်ထုတ် ခဲ့တာချည်းပဲ ''ဟု အက်ဆွိုင်းက သက်သေခံချက်တွင် ပြောဆိုခဲ့ကြောင်း Hurriyet သတင်းစာက ကိုးကားဖော်ပြခဲ့သည်။

''ကျွန်တော့်စကားလုံးတွေက သမ္မတကို စော်ကားဖို့ မရည်ရွယ်ခဲ့ဘူး။ ကျွန်တော့်နဖူးကချွေး ခြေမ မကျရဘဲ အလွယ်တကူ ကျလာတဲ့ပိုက်ဆံတွေလို့ ဆိုလိုတာပါ''ဟု အက်ဆွိုင်းက ပြောကြားခဲ့သည်ဟု ဆိုသည်။

တူရကီ-အာမေးနီးယားနယ်စပ်နှင့် မဝေးလှသည့် ကားဒေသကို စီးမိုးနေသည့် တောင်ကုန်းထိပ်တစ်ခုပေါ်တွင် စိုက်ထူထားသည့် မီတာ၃၀အမြင့်ရှိ ရုပ်တုမှာ လူနှစ်ယောက်ပုံဖြစ်ပြီး တစ်ယောက်က အာမေးနီးယားဆီသို့ လက်ကမ်းနေဟန်ဖြစ်သည်။

''ဒီရုပ်တုတွေက ပညာရှိ ဟာဆန် ဟာရာကာနီရဲ့ ဘေးမှာ မကောင်းဆိုးရွားတွေကျနေတာပဲ''ဟု သမ္မတအာဒိုဂန်က ၂၀၁၁ခုနှစ် က ကားပြည်နယ် အလည်အပတ်ခရီးစဉ်တွင် ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။ ''တကယ့်အနုပညာအစစ်အမှန်ရဲ့ ဘေးမှာ ဒီလိုမကောင်းဆိုးရွား ရှိသင့်တယ်လို့မထင်ဘူး''ဟုလည်း အာဒိုဂန်က ပြောကြားခဲ့သည်ဟုဆိုသည်။

၁၉၉၃ခုနှစ်ကတည်းက နှစ်နိုင်ငံနယ်စပ်ကို ပိတ်ထားခဲ့ကြပြီး လက်ရှိအချိန်အထိ တူရကီနှင့် အာမေးနီးယားမှာ အပြန်အလှန် သံအဆက်သွယ်မရှိသေးပေ။

နာဂေါနိုကာရာဘက် အငြင်းပွားမှုတွင် တူရကီက အဇာဘိုင်ဂျန်ကို ထောက်ခံခဲ့မှုနှင့် ၁၉၁၅ခုနှစ်က အော့တိုမန်တပ်ဖွဲ့များက အာမေးနီးယန်း ၁.၅သန်းခန့်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုကို မျိုးတုန်းသတ်ဖြတ်မှုအဖြစ် တူရကီက ဝန်ခံအသိအမှတ်ပြု လိုစိတ်မရှိမှုတို့ကြောင့် အာမေးနီးယားက တူရကီကို ရန်သူသဖွယ်သာ သဘောထားခဲ့သည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly