ကြို့ပင်ကောက်မြို့ အဝင် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး ဒုရဲအုပ် ပြင်းထန်ဒဏ်ရာရ

ကြို့ပင်ကောက်မြို့ အဝင် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး ဒုရဲအုပ် ပြင်းထန်ဒဏ်ရာရ

နိုဝင်ဘာ ၁၁

ပဲခူးတိုင်း၊ ရန်ကုန်-ပြည် လမ်းမကြီးပေါ်ရှိ ကြို့ပင်ကောက်မြို့ အဝင် စစ်ဆေးရေးဂိတ်ကို ပစ်ခတ်ခဲ့ပြီး ဒုရဲအုပ် မောင်မောင်တိုးဆိုသူ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း ကြို့ပင်ကောက်မြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ( Gyobinkauk- PDF) က ယနေ့ သတင်း ထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာ ၁၁ ရက် နံနက် ၅ နာရီ မိနစ် ၂၀အချိန်တွင် ကြို့ပင်ကောက်မြို့ ဘောလုံးကွင်း ရှေ့ရှိ အဆိုပါ စစ်ဆေးရေးဂိတ်သို့ ဆိုင်ကယ်ဖြင့် သွားရောက်ကာ သေနတ်ဖြင့် ရှစ်ချက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ချိန်တွင် ဂိတ်အတွင်း၌ ရဲသုံးဦး ရှိနေသည်ဟု ကြို့ပင်ကောက်မြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၏ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

" ဆိုင်ကယ်နဲ့ သွားပြီး ပစ်ခဲ့တာပါ။ ဒုရဲအုပ်ကိုပဲ တည်ပြီး နှစ်ချက်ပစ်တာ။ ဗိုက်နဲ့ လက်မောင်းမှာ ဒဏ်ရာရခဲ့တယ်။ သူ့ကို ပြည်ဆေးရုံကို သယ်သွားတယ်လို့ ကြားသိရပါတယ်။ အရင်ကတော့ သတိပေးတဲ့ အနေနဲ့ပဲ လုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါက ထိခိုက်မှု ဖြစ်တာ ပထမဆုံးပါပဲ။ ဒီတော်လှန်ရေး မပြီးမချင်း ကျွန်တော်တို့ကတော့ တိုက်ခိုက် တွန်းလှန် နေအုံးမှာပဲ " ဟု ၎င်းက ပြောသည်။

ပစ်ခတ်ခံရသော စစ်ဆေးရေးဂိတ်သည် စစ်ကောင်စီတပ်သားများက နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည့် နေရာလည်း ဖြစ်သည်။

" ပစ်ခတ်မှု ဖြစ်တာဟုတ်ပါတယ်။ မနက်အစောပိုင်းကပါ။ မြို့အဝင် ဆိုင်းဘုတ် အကျော်မှာ ဂိတ်လုပ်ပြီး စစ်ကောင်စီတပ်သားတွေက နေ့စဉ် စစ်ဆေးတာတွေ ပြုလုပ်နေတာပါ။ များသောအားဖြင့် အဲဒီဂိတ်မှာက ရဲတွေပဲ များပါတယ်" ဟု ကြို့ပင်ကောက်မြို့ ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းကလည်း ကြို့ပင်ကောက်မြို့ စည်ပင်ရုံးကို ကာကွယ်ရေး တပ်ဖွဲ့များက သတိပေး ဖောက်ခွဲမှု ပြုလုပ်ခဲ့သည်။

စစ်ကောင်စီ လက်အောက်ရှိ သတင်ပေးဒလန်များ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ပြည်သူနှင့် အမြန်ဆုံး ပူးပေါင်းကြရန် နှင့် ပူးပေါင်းခြင်း မရှိပါက ယခုကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ကြို့ပင်ကောက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတိပေး ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required