ပုသိမ်မြို့တွင် အမှုဖွင့်ခံရသူများနှင့် မြို့ပေါ်‌ပျောက်နေသူများအား တော်လှန်ရေး လုပ်နေသည်ဟု ဆိုကာ ၎င်းတို့၏ နေအိမ်၊ဆိုင်များကို စစ်ကောင်စီက ချိပ်ပိတ်နေဟုဆို

ပုသိမ်မြို့တွင် အမှုဖွင့်ခံရသူများနှင့် မြို့ပေါ်‌ပျောက်နေသူများအား တော်လှန်ရေး လုပ်နေသည်ဟု ဆိုကာ ၎င်းတို့၏ နေအိမ်၊ဆိုင်များကို စစ်ကောင်စီက ချိပ်ပိတ်နေဟုဆို

နိုဝင်ဘာ ၁၁

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီ၏ အမှုဖွင့်ခြင်း ခံထားရသူများနှင့် မြို့ပေါ်တွင်‌ ပျောက်နေသူများအား တော်လှန်ရေး လုပ်နေသည်ဟု ဆိုကာ ၎င်းတို့၏ ဆိုင်များနှင့် နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက လိုက်လံချိပ်ပိတ်နေသည်ဟု မြို့ခံများထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ တစ်ရက်တည်းမှာပင် ဇေယျ၀တီ ( ၁ )လမ်းမှ ကိုကျော်နန္ဒဆိုသူ ငှားရမ်း ဖွင့်လှစ်ခဲ့သော ပညာပါရမီ အခမဲ့ကျောင်း၊ဥမ္မာဒန္တီရပ်ကွက်မှ လက်ဖက်ရည်တစ်ဆိုင်၊ ကိုမင်းသက်ထွေး ဆိုသူ နေထိုင်ခဲ့သောအိမ်၊ မရမ်းချိုရပ်ကွက်ရှိ ကိုစိုးမြင့်မောင်၏ နေအိမ်၊ ရွေးဘိုတပ်ရပ်ကွက်မှ ဒေါက်တာစစ်တင်(ကွယ်လွန်)၏ ရွှေကျွန်းဆေးခန်း၊ မရမ်းချို လမ်းမကြီးပေါ်မှ အိမ်တစ်အိမ်နှင့် ကင်မလင်းကျွန်း လမ်းမကြီးပေါ်ရှိ လက်ဖက်ရည်ဆိုင်တို့အား ချိပ်ပိတ်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

ချိပ်ပိတ်ခံရသူများထဲတွင် သေဆုံးသွားသူတစ်ဦးနှင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံထားရသူ တချို့၏ အိမ်များ ပါဝင်နေသည်ဟုလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

" ချိပ်ပိတ်ခံရတဲ့အထဲက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ ဒေါက်တာစစ်တင်ရဲ့ဆေးခန်းလည်းပါတယ်။ သူက COVID-19 နဲ့ ဆုံးသွားပြီးပြီ။ ဘာလို့လာချိပ်ပိတ်လဲ တော့မသိဘူး။ ပြီးတော့ မရမ်းချိုမှာ ချိပ်ပိတ်ခံရတဲ့အိမ်က အမျိုးသမီးတစ်ဦး အိမ်ပဲ။ နောက်ထပ်မရမ်းချိုကပဲ ချိပ်ပိတ်ခံလိုက်ရတဲ့အိမ်က ကိုစိုးမြင့်မောင်တို့ကလည်း အဖမ်းခံထားရတဲ့သူတွေပါ "ဟု ပုသိမ်ဒေသခံတစ်ဦး ကပြောသည်။

စစ်‌ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း ပုသိမ်မြို့ပေါ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူ ကိုကျော်နန္ဒကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၂၊ ပုဒ်မ ၁၂၄(ဂ) စသော ပုဒ်မများဖြင့် အမှုဖွင့်ထားပြီး ၎င်းငှားရမ်းဖွင့်လှစ်ခဲ့သော ပညာပါရမီ အခမဲ့ကျောင်းကိုလည်း စစ်ကောင်စီက ယမန်နေ့က ချိပ်ပိတ်ခဲ့ကြောင်းသိရသည်။

"မနေ့ကတစ်နေ့တည်း အိမ်တွေနဲ့ ဆိုင်တွေကို ချိပ်ပိတ်သွားတာ မနည်းဘူးဗျ။ ဒီကောင်တွေ ရှုံးမဲမဲနေကြတာ၊ ဥပဒေဆိုတာလည်း မရှိတော့ဘူး။ အဓိကကတော့ ပြည်သူတွေကို ဒီလိုလုပ်လိုက်ရင် နောက်လူတွေ ထပ်မလုပ်ရဲလောက်တော့ဘူး ။ ကြောက်သွားမှာပဲ ဆိုတဲ့ အတွေးနဲ့လုပ်နေတာ ဒါပေမဲ့ သူတို့အုပ်ချုပ်မှုက မအောင်မြင်ပါဘူး"ဟု ကိုကျော်န္ဒနကပြောသည်။

ရေကြည်မြို့နယ်တွင်လည်း နေအိမ် ခုနှစ်လုံးကို စစ်ကောင်စီက နိုဝင်ဘာလ ၁ ရက်နေ့တွင် ချိပ်ပိတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ အခြားမြို့နယ်များတွင်လည်း အကြမ်းဖက်စစ်ကောင်စီက ပြည်သူများ၏နေအိမ်များကို ထပ်မံချိပ်ပိတ်ဦးမည်ဆိုသော သတင်းများထွက်ပေါ်နေသည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required