မြန်မာတွင် အကြမ်းဖက်မှု ရပ်တန့်ရေး ကုလ လုံခြုံရေးကောင်စီ တိုက်တွန်း

မြန်မာတွင် အကြမ်းဖက်မှု ရပ်တန့်ရေး ကုလ လုံခြုံရေးကောင်စီ တိုက်တွန်း

နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်မှုများ မြင့်တက်နေမှုနှင့်ပတ်သက်၍ အင်မတန် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ဖော်လိုက်သည်။ ထို့ပြင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံက သဘောတူခဲ့သည့် ရှားရှားပါးပါး ကြေညာချက်တစ်ခုထဲတွင် မြန်မာနိုင်ငံ၌ တိုက်ခိုက်မှုများ ချက်ချင်း ရပ်ဆိုင်းရေး၊ အာဏာသိမ်းစစ်တပ်ဘက်က အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရေးအတွက် တောင်းဆိုခဲ့သည်။

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တွင် တပ်ဖွဲ့ဝင်အင်အားနှင့် လက်နက်ကြီးများ ဖြည့်တင်းနေသည် ဆိုသည့် သတင်းများ ရှိနေပြီး ယင်းက ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း ထူထောင်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် တိုက်ခိုက်နှိမ်နင်းမည့် ဖြစ်အံ့ဆဲဆဲ အခြေအနေတစ်ခုကို ညွှန်ပြနေသည်။

"မြန်မာနိုင်ငံတဝန်း မကြာသေးခင်က အကြမ်းဖက်မှုတွေ တိုးနေခဲ့တာနဲ့ပတ်သက်လို့ အင်မတန် စိုးရိမ်ပူပန်ကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက ထုတ်ဖော်ခဲ့ကြပါတယ်၊ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့နဲ့ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံမှု ရှိစေဖို့ သူတို့ တောင်းဆိုခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

ချင်းပြည်နယ်ရှိ အခြေအနေနှင့်ပတ်သက်ပြီး မြန်မာအာဏာသိမ်းစစ်ကောင်စီက မှတ်ချက်ပေးထားခြင်း မရှိသေးဘဲ ယင်းပြည်နယ်သည် စစ်တပ်အုပ်ချုပ်မှုကို ခုခံတော်လှန်သည့် ရှေ့တန်းနေရာတစ်ခုဖြစ်လာခဲ့သည့် မတည်ငြိမ်သော နယ်စပ်ဒေသတစ်ခုဖြစ်သည်။

မြန်မာတွင် အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများကြောင့် တုံ့ဆိုင်းရပ်တန့်နေခဲ့ပြီး အာဏာသိမ်းစစ်တပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်ပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည်။

"ဖေဖေါ်ဝါရီ ၁ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အင်မတန် စိုးရိမ်ပူပန်ကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက ထပ်လောင်းပြောဆိုခဲ့ပါတယ်၊ စစ်တပ်ဘက်က အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ သူတို့ တောင်းဆိုခဲ့ပါတယ်" ဟု ဗြိတိန်က မူကြမ်းရေးခဲ့သည့် ထုတ်ပြန်ချက်တွင် ပြောသည်။

"မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးတရားတွေနဲ့အညီ ညှိနှိုင်းဆွေးနွေးမှုတွေကို လိုက်နာဆောင်ရွက်ဖို့ သူတို့ တိုက်တွန်းခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

ထို့ပြင် မြန်မာတွင် အကူအညီ လိုအပ်နေသူအားလုံးထံ လူသားချင်းစာနာမှု အကူအညီများ အပြည့်အဝ၊ ဘေးကင်းလုံခြုံစွာနှင့် အဟန့်အတားမရှိ ရောက်ရှိစေရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ အမှုထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက်လည်း ကောင်စီက တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required