Virtual Politic က အလုပ်တွင်ပေမယ့် အလုပ်မဖြစ်ဘူး (ဆောင်းပါး)

Virtual Politic က အလုပ်တွင်ပေမယ့် အလုပ်မဖြစ်ဘူး (ဆောင်းပါး)

နိုဝင်ဘာ ၁၁

Virtual ဆိုတဲ့ အသုံးအနှုန်းဟာ ၂၀ ရာစုကုန်ပိုင်းက အတော်ကလေးကို ရေပန်းစားခဲ့တဲ့ စကားရပ်ပါ။ နည်းပညာအခြေခံပြီး အတုအယောင် ပတ်ဝန်းကျင် တစ်ခု ဖန်တီး တည်ဆောက်တဲ့နေရာမှာ အသုံးပြုတဲ့ စကားပါ။ အလွယ်တကူ ပြောရရင် အမှန်ရှိသကဲ့ သို့ ခံစားသက်ဝင်စေသော်လည်း အမှန်တကယ် မဟုတ်သော လို့ ဘာသာပြန်ရမယ် ထင်ပါတယ်။ ဒီစကားနဲ့ ပတ်သက်လို့ Virtual World, Virtual Space ဆိုပြီး သုံးနှုန်းကြတာ ဖြစ်ပါတယ်။ လက်တွေ့မြေပြင်မှာ အကောင်အထည် မဖော်၊ မဖြစ်နိုင်တဲ့ အရာတွေကို ဒီနေရာမှာ သွားပြီး အကောင်အထည်ဖော်လို့ရအောင် နည်းပညာနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒီ Virtual World ဆိုတဲ့ အတုအယောင်ကမ္ဘာကြီး၊ အတုအယောင်နေရာကြီး ဖြစ်လာပြီးနောက်မှာ ဆိုးကျိုးတွေကလည်း တသီကြီး ရှိခဲ့ပါတယ်။ မြေပြင်မှာ ရှိတဲ့ တကယ့်လက်တွေ့ဘဝနဲ့ အတုအယောင်ကမ္ဘာမှာ တည်ဆောက်ထားတဲ့ ဘဝအကြား ဒွေးရောယှက်တင် ဖြစ်မှုကတစ်ဆင့် ဘယ်ဟာက တကယ်လက်တွေ့ဘဝလဲဆိုတာကို မကွဲပြားတော့ဘဲ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာစေတဲ့ အထိ Virtual World ဆိုတာကြီးက ဖန်တီးခဲ့ပါတယ်။ ဒီကနေ့အထိလည်း ဒီလိုပြဿနာတွေက အများကြီးရှိနေပါသေးတယ်။

Virtual World ပေါ် တည်ဆောက်ထားတဲ့ PUBG ဂိမ်းထဲက ဘဝကို မြေပြင်ပေါ်အထိ ဆွဲချလာပြီး ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုတွေ၊ မြေပြင်ပေါ်မှာ ပုန်းလျှိုးကွယ်လျှိုး လုပ်ရတဲ့ လောင်းကစားမှုတွေကို Virtual World ပေါ်တင်ပြီး ပြင်ပက ငွေကြေး အစစ်နဲ့ ကစားလာတာတွေ။ ဒါတွေ အားလုံးဟာ Virtual World ပေါ် တည်ဆောက်ထားတဲ့ ဖြစ်တည်မှုနဲ့ လူသားစစ်စစ်အကြား ဖြစ်တည်မှုကြား တံတားထိုး ဆက်ကြောင်း ဆက်ထားတာတွေ ဖြစ်ပါတယ်။

နယ်ချဲ့လာတဲ့ အတုအယောင်ကမ္ဘာကြီး

အတုအယောင်ကမ္ဘာကြီးဆိုတဲ့ Virtual World ဆိုတာကြီးဟာ နည်းပညာတိုးတက်မှုကို အခြေခံပြီး သက်တမ်းကြာလာတာနဲ့အမျှ တကယ့်ဘဝအစစ်လိုမျိုး ဖြစ်အောင်အထိ ဖန်တီးလာနိုင်နေပါပြီ။ မြေပြင်နဲ့ ကင်းကွာပြီး လိုသလို ပုံဖော်ချင်တဲ့ ဘဝတစ်ခုကို မိနစ်ပိုင်း အတွင်း တည်ဆောက်နိုင်အောင်အထိ ဖန်တီးပေးလာနိုင်သလို တကယ့်ဘဝမှာ ထိတွေ့ဆက်ဆံရတဲ့ပုံစံမျိုးအထိ ဖြစ်လာအောင် အ သက်သွင်းလာခဲ့ပါတယ်။ ကျင့်ဝတ်တွေ၊ သိက္ခာတွေနဲ့ ရောပြွမ်းနေတဲ့ လက်တွေ့ကမ္ဘာကြီးကနေ ဒါတွေကို ဂရုစိုက်စရာမလိုတဲ့ အတုအယောင်ကမ္ဘာကြီးအထိ ဖြစ်အောင်ကို တွန်းပို့ထားခဲ့ပါတယ်။

ပြင်ပကမ္ဘာမှာ မလုပ်နိုင်တဲ့၊ မပေးနိုင်တဲ့ အရာမှန်သမျှကို ဒီအတုအယောင်ကမ္ဘာကြီးပေါ် လုပ်နိုင်အောင်အတွက် ဖန်တီးပေးနိုင်တာ ကြောင့်လည်း Virtual World ကနေ တစ်ဆင့် Virtual Community ဆိုတာကြီး ပေါ်ပေါက်လာပါတယ်။ ဒီပေါ်ပေါက်လာမှုဟာ သက်မဲ့ အတုအယောင်ဘဝတွေကနေပါ သက်ရှိ လက်တွေ့ဘဝတွေမှာ ဒီအသိုင်းအဝန်းကြီးထဲ ပါဝင်လာစေခဲ့ပါတယ်။ ဂိမ်းတွေ၊ လူမှု ကွန်ရက်တွေဟာ ဖျော်ဖြေရေး၊ ဆက်သွယ်ရေးအဆင့်ကနေ တဖြည်းဖြည်း တက်လာပြီး သက်ရှိလူသားတွေရဲ့ နေ့စဉ်ဘဝတွေထဲကို ပါ ထဲထဲဝင်ဝင်နဲ့ ဝင်ရောက်လာခဲ့ပါတယ်။ အစစ်ကမ္ဘာကြီးက လူသားတွေရဲ့ နေ့စဉ်အချိန်တော်တော်များများကို ဒီ ဂိမ်းတွေ၊ လူမှုကွန်ရက်တွေပေါ် များများသုံးနိုင်အောင်လည်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ နည်းပညာရှင်တွေက ပိုပြီးတော့ ရှာဖွေဖန်တီးလာခဲ့ကြပါတယ်။ ဒီကတစ်ဆင့် လူမှုရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ အဆုံးစွန်း နိုင်ငံရေးနယ်ပယ်ထဲအထိကို ဝင်ရောက်လာခဲ့ပါတယ်။

သာမန် နေ့စဉ်ဘဝ ဆက်သွယ်မှုတွေကို လူမှုကွန်ရက်ပေါ်က လုပ်ကြသလို ဖျော်ဖြေရေးလုပ်ငန်းတွေကလည်း ဂိမ်းတွေ၊ လူမှုကွန်ရက်တွေကို အခြေခံလာကြရပါတယ်။ စီးပွားရေးနယ်ပယ်မှာလည်း စျေးဗန်းတွေအကုန် အွန်လိုင်းပေါ် ရောက်ကုန်ပြီး သပြေပန်းကအစ ကျောက်စိမ်းအထိ ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ နိုင်ငံရေးနယ်ပယ်မှာဆိုရင်လည်း နိုင်ငံရေးသမားတွေဟာ လူမှုကွန် ရက်ပေါ် နာမည်အစစ်၊ ဘဝအစစ်တွေနဲ့ ကိုယ်ပွားဘဝတွေကို တည်ဆောက်ပြီး အွန်လိုင်းအခြေပြုနိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်လာကြရသလို အစိုးရတွေကိုယ်တိုင်တောင် သူတို့ လုပ်ဆောင်မှုတွေကို ဝါဒဖြန့်ချိဖို့အတွက် ဒီပလက်ဖောင်းတွေကို မဖြစ်မနေ သုံးလာကြ ရပါတယ်။ စည်းရုံးရေးလုပ်မလား၊ ဝါဒဖြန့်မလား၊ ကြိုက်ရာ သုံးလို့ရအောင်လည်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ နည်းပညာတီထွင်သူ တွေက တဆင့်ပြီး တဆင့် နည်းပညာမြှင့်ခဲ့ကြပါတယ်။ ပိုပြီး စွဲလမ်းသထက် စွဲလမ်းလာအောင်၊ ပိုပြီး သုံးသထက် သုံးလာအောင် တည်ဆောက်ခဲ့ကြပါတယ်။ လက်တွေ့ဘဝနဲ့ အတုအယောင်ဘဝကြား စည်းကို ကျဉ်းသထက် ကျဉ်းအောင် လုပ်ဆောင်လာခဲ့ကြပါ တယ်။

အတုပေမယ့် အစစ်ထက် သာတဲ့ စွမ်းဆောင်ရည်

ဒီလို လက်တွေ့ဘဝနဲ့ အတုအယောင် Virtual World ကြီးအကြား ခြားထားတဲ့စည်း ကျဉ်းသထက် ကျဉ်း၊ ပါးသထက် ပါးလာအောင် ဖန်တီးတည်ဆောက်ရင်းကနေပဲ Virtual World ကြီးရဲ့ သူမတူတဲ့ စွမ်းဆောင်ရည်က အချို့သောနယ်ပယ်တွေမှာ လက်တွေ့မြေပြင် အခြေအနေမှာ တည်ဆောက်ယူနိုင်တာထကကို သာလွန်သွားတာတွေ ရှိလာပါတယ်။

လွယ်ကူတဲ့ ဘဝသစ်တည်ဆောက်နိုင်မှု၊ ကလစ်တစ်ချက်နဲ့ ကမ္ဘာကုန်ပြန့်နိုင်တဲ့ လျင်မြန်တဲ့ ဆက်သွယ်ရေးပုံစံ၊ ကျယ်ပြန့်တဲ့ နက်ဝပ်တည်ဆောက်နိုင်မှု၊ အသွင်မတူမှု/ဖြစ်တည်ခြင်း မတူညီမှုတွေကို တစ်ပြိုင်နက်တည်း ထိတွေ့နိုင်မှု။ ဒါတွေဟာ လက်တွေ့ဘဝနဲ့ ပကတိမြေပြင်မှာ အချိန်၊ ငွေကြေး အမြောက်အမြားကုန်မှ သိနိုင်ပေမယ့် ဂိမ်းတွေ၊ လူမှုကွန်ရက်တွေပေါ်မှာတော့ တခဏချင်း သိနိုင် တဲ့အထိ စွမ်းဆောင်ရည်တွေက ပိုကောင်းသထက် ကောင်းလာခဲ့ပါတယ်။

ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ နို်ငငံတစ်ခုနဲ့ တစ်ခု မကျေလည်ရင် နိုင်ငံတစ်ခုကို အခြေခံတည်ဆောက်ထားတဲ့ လူမှုကွန်ရက် တွေ၊ ဂိမ်းတွေကို ကိုယ့်နိုင်ငံတွင်း သုံးခွင့်မပေးတော့ဘူးဆိုတဲ့ တားမြစ်မှုတွေ တွင်တွင်ကျယ်ကျယ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးနယ်ပယ်ထဲက အတုအယောင်ကမ္ဘာ

ဒီကနေ့ ဂိမ်းတွေ၊ လူမှုကွန်ရက်တွေဟာ နိုင်ငံရေးနယ်ပယ်ထဲအထိ ခြေဆန့်လာပြီး ဖြစ်တယ်ဆိုတာကို ပြောခဲ့ပြီး ဖြစ်ပါတယ်။ အစိုးရ တွေကိုယ်တိုင် သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်တွေအပြင် လူမှုကွန်ရက်တွေ၊ ဂိမ်းတွေကိုပါ နိုင်ငံရေးလောကအတွက် အသုံးပြုကို ပြု နေရတဲ့ Tool အဖြစ် သုံးနေရပြီ ဖြစ်ပါတယ်။ စည်းရုံးရေးလုပ်မလား၊ ဝါဒဖြန့်မလား၊ ကိုယ်ဘက်သား မဟုတ်သူကို တိုက်ခိုက်မလား၊ ဒါ Toolတွေကို သုံးပြီးပဲ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာ အတိုင်းအတာ တစ်ခုအထိ မြေပြင်က လက်တွေ့ဘဝတွေ အထိ သက်ရောက်မှု ရှိတာကိုလည်း ဒါကို ပိုသုံးဖို့ ပြန်ပြီးတော့ တွန်းအားပေးသလို ဖြစ်ခဲ့ပါတယ်။ သို့သော် ဒါဟာ မြေပြင်လက်တွေ့မှာ ဖြစ်နေတဲ့ ပကတိ အရှိတရားတွေပေါ်မှာတော့ အလုံးစုံ သက်ရောက်မှု မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အတုအယောင် Virtual World မှာ ဘဝအသစ်တွေကို တည်ဆောက်နိုင်ပေမယ့် ဒီမှာ ဖြစ်တည်နေမှုဟာ အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတာ မဟုတ်လို့ပါပဲ။

နိုင်ငံရေးဆိုတာ လက်တွေ့ဆန်တယ်

ဒီကနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေ၊ တော်လှန်ရေး ဖြစ်စဉ်တွေကို ကြည့်ပါ။ ပါဝင်ပတ်သက်နေသူတွေဟာ အတုအယောင်ကမ္ဘာကြီးရဲ့ Tool တွေကို သုံးနေကြပေမယ့်လည်း လက်တွေ့မြေပြင် အခြေအနေကသာလျှင် အဆုံးအဖြတ်ပေးတယ် ဆိုတာကို အားလုံး နားလည်ကြပါတယ်။ ဒီ Tool တွေကို သုံးပြီး ဝါဒဖြန့်မလား၊ တိုက်ခိုက်မလား၊ လုပ်လို့ ရပါတယ်။ သို့သော် မြေပြင်မှာ တကယ်နိုင်ဖို့ဆိုရင် အသက်တွေ၊ သွေးတွေ၊ အသားတွေ ရင်းပြီးမှသာ တကယ့် အောင်ပွဲအစစ်ကို ရတယ်ဆိုတာ သိထားကြပြီး ဖြစ်ပါတယ်။ နိုင်ငံရေးအရ အောင်မြင်ဖို့၊ တော်လှန်ရေးအရ အောင်မြင်ဖို့ဆိုရင် တကယ့်ရင်းမြစ်တွေဟာ ပကတိမြေပြင်မှာပဲ ရှိပါတယ်။

နိုင်ငံရေးအရ ရွေးကောက်ပွဲလုပ်မလား၊ မြေပြင်မှာပဲ လုပ်ရတာ ဖြစ်ပါတယ်။ တော်လှန်ရေးအရ တိုက်ခိုက်မလား၊ မြေပြင်မှာပဲ လုပ်ရတာ ဖြစ်ပါတယ်။ ဒါဟာ အတုအယောင်ကမ္ဘာကြီးက နည်းပညာအားကိုးနဲ့ မဖြည့်တင်းနိုင်တဲ့ ပကတိတရားသာ ဖြစ်ပါတယ်။

နွေဦးဆိုတာ မြေပြင်တော်လှန်ရေး

ဒီကနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်အာဏာယန္တရားနဲ့ အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးဟာ မြေပြင်မှာ လက်တွေ့ဖြစ်နေတဲ့၊ အသွေးတွေ အသားတွေ ရင်းထားပြီး ဖြစ်နေတဲ့ တော်လှန်ရေးကြီး ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကြီးမှာ လက်တွေ့ပါဝင်နေသူတွေ ရှိသလို လေလှိုင်းပေါ်က၊ အတုအယောင်ကမ္ဘာကြီး Tool တွေကိုင်ပြီး Virtual Politic လုပ်သူတွေလည်း အများကြီး ရှိပါတယ်။ ဒီသူတွေကို အပြစ်တင်တာ မဟုတ်ပါဘူး။ လက်တွေ့နဲ့ အတုအယောင်ကမ္ဘာကြား လွန်းထိုးရင်းနဲ့ အရှိတရားတွေကို မေ့သွားမှာ စိုးတာကြောင့် သတိပေးရတာ ဖြစ်ပါတယ်။

ခေတ်ပြောင်း၊ စနစ်ပြောင်း နွေဦးတော်လှန်ရေးကြီးဟာ အခုဆိုရင် ကိုးလကျော် ရှိလာပါပြီ။ ဒီကိုးလတာ ကာလအတွင်း မြေပြင်မှာ ဆန္ဒပြတိုက်ပွဲဝင်သလို လက်နက်ကိုင်ပြီး တိုက်ပွဲဝင်မှုတွေ အများကြီးပါ။ ဒီ့အတွက်လည်း ပြည်သူ ၁၃၀၀ နီးပါး အသက်ပေးခဲ့ရသလို နိုင်ငံတွင်းက အကျဉ်းထောင်အစုံမှာလည်း ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဖမ်းဆီးထိန်းသိမ်း နှိပ်စက်ခံနေရဆဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးဟာ နောက်ထပ် ခြောက်လမှာ နိုင်မယ်၊ နောက်ထပ် နှစ်နှစ်မှာ နိုင်မယ်ဆိုပြီး လေသေနတ်ဖောက် တော်လှန်နေသူတွေလည်း ရှိပါသေးတယ်။ ထို့နည်းတူ အတုအယောင်ကမ္ဘာ Tool တွေ သုံးပြီး လူမှုကွန်ရက်ပေါ် အတုအယောင်ဘဝ တွေနဲ့၊ အတုအစစ် မကွဲတော့တဲ့ ဘဝတွေနဲ့ တော်လှန်နေသူတွေလည်း တပုံတပင်ကြီးကို ရှိနေပါသေးတယ်။

နွေဦးတော်လှန်ရေးဟာ အတုအယောင်ကမ္ဘာကြီးပေါ်က၊ အတုအယောင်ကမ္ဘာကြီး Tool တွေသုံးပြီး တော်လှန်ရုံနဲ့ မလုံလောက်ပါဘူး။ မြေပြင်မှာ လက်တွေ့တော်လှန်နေသူနဲ့ အတုအယောင်ကမ္ဘာထဲ တော်လှန်ရေးဆင်နွှဲနေသူတွေ မြေပြင်ကို ဆင်းလာပြီး လက်တွေ့ကျကျ ပေါင်းစပ်မှသာ အောင်မြင်နိုင်မယ့် တော်လှန်ရေးကြီး ဖြစ်ပါတယ်။ Virtual Politic ဆိုတဲ့ လေလှိုင်းပေါ်က အတု အယောင် နိုင်ငံရေး လုပ်ဆောင်မှုပုံစံနဲ့ အောင်မြင်မယ့်ပွဲ မဟုတ်ပါဘူး။ တချိန်က Statement Politic ဆိုတဲ့ ကြေညာချက်ထုတ် နိုင်ငံ ရေးပုံစံမျိုးနဲ့ ဒီကနေ့မှာလည်း Virtual Politic ဆိုတာမျိုးကို ဆက်သုံးနေကြဦးမယ်ဆိုရင် ဒါဟာ တော်လှန်ရေးကျဆုံးခန်းကို ဦးတည် သွားစေပါလိမ့်မယ်။ Virtual Politic ဟာ စည်းရုံးရေး၊ ဝါဒဖြန့်ရေးအတွက် အလုပ်ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ သို့သော် တော်လှန် ရေးအောင်ပွဲဆင်နိုင်ဖို့ဆိုရင် မြေပြင်တော်လှန်ရေးနဲ့ ကင်းကွာလို့ မရဘူးဆိုတာကို တော်လှန်ရေးအသိနဲ့ သတိပေးလိုက်ပါရေစ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly