လှည်းကူးမြို့နယ် EPC ရုံးရှေ့ ဗုံး ၂ လုံး ပေါက်ကွဲ၊ မီတာလာဆောင်သူများကို စစ်ဆေးမေးမြန်းနေ

လှည်းကူးမြို့နယ် EPC ရုံးရှေ့ ဗုံး ၂ လုံး ပေါက်ကွဲ၊ မီတာလာဆောင်သူများကို စစ်ဆေးမေးမြန်းနေ

နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ မြို့နယ်လျှပ်စစ်မန်‌နေဂျာရုံး(EPC) ရှေ့တွင် ဗုံးနှစ်လုံး ပေါက်ကွဲရာ စစ်ကောင်စီတပ်က မီတာလာဆောင်သူများကို စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၀ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်က ပထမအကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ဒုတိယအကြိမ် ဗုံးပေါက်ကွဲခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။

"၁၀ နာရီခွဲလောက်က EPC ရုံးရှေ့မှာပေါက်တာ ပထမတစ်လုံး ပေါက်ပြီး စစ်ကားတွေရောက်လာတယ်။ သူတို့က အဲဒီမှာ လမ်းကြောင်းရှင်းနေတုန်းထပ်ပေါက်တာ၊ ပထမ တစ်လုံးက အသံသိပ်မကျယ်ဘူး။ ဒုတိယတစ်လုံးက အကျယ်ကြီးပဲ။ ဆိုင်ကယ် လေးစီးနဲ့ ကားတစ်စီးတော့ ထိသွားတယ်။ စကစတွေ ထိမထိတော့ မသိဘူး" ဟု အထက်ပါ မျက်မြင်တွေ့ရှိသူကဆိုသည်။

ယနေ့နံနက်ပိုင်းတွင် EPCရုံးအတွင်း မီတာဆောင်သူများနှင့် စစ်ကောင်စီတပ်သားများ များပြားနေကြောင်း မြို့ခံများကပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်အပြီး မီတာဆောင်နေသူများကို စစ်ကောင်စီတပ်သားများက ငုတ်တုတ်ထိုင်ခိုင်းပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု အနီးအနားနေသူများ ကပြောသည်။

အဆိုပါဖြစ်စဉ်တွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာ ရမရ စုံစမ်းနေဆဲဖြစ်သည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အပြီးတွင် လျှစ်စစ်ရုံး (EPC)နှင့် မျက်နှာချင်းဆိုင် ဖြစ်သည့် အ.ထ.က (လှည်းကူး) တွင် တက်ရောက်နေသော ကျောင်းသားများကို မိဘဖြစ်သူများက လာရောက်ခေါ်ဆောင်နေပြီး ကျောင်းလွှတ်ချိန်မတိုင်ခင် ကျောင်းမှပြန်လွှတ်ပေးနေသည် ဟုသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့နယ်ဘောလုံးကွင်းရှေ့ မှစတင်ကာ ဆိုင်ကယ်နှင့်ကားများကို စစ်ဆေးနေသည်ဟု ဖြတ်သန်းသွားလာ‌နေသည့် မြို့ခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required