Globe Soccer Awards ၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီ ရရှိ

Globe Soccer Awards ၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီ ရရှိ

ဒူဘိုင်း၊ ဒီဇင်ဘာ ၂၈ ။           ။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် Globe Soccer Awards ၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ပထမဆုံးအကြိမ် ဆွတ်ခူး ရရှိခဲ့သည်။

ပြီးခဲ့သည့်ရာသီက ဒုတိယအကြိမ် စံချိန်တင်ဆုဖလားသုံးလုံး ရရှိခဲ့သည့်အတွက် မက်ဆီက အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သလို ဘာစီလိုနာအသင်းသည်လည်း အကောင်းဆုံးအသင်းဆုကို ရရှိခဲ့သည်။

မက်ဆီသည် ပြီးခဲ့သည့်ရာသီက ၅၈ ဂိုးအထိသွင်းယူပေးခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြကစားခဲ့သည့်အတွက် ဆုရရှိခဲ့ခြင်း ဖြစ်သည်။

ဒူဘိုင်းတွင် ပေးအပ်ချီးမြှင့်သည့် Globe Soccer Awards ဆုပေးပွဲ အခမ်းအနားတွင် အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးဒိုင်လူကြီးဆု၊ အကောင်းဆုံးအေးဂျင့်ဆုနှင့် ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးဆုများအပါအဝင် ဆုအမျိုးအစားပေါင်း ၁၀ ဆုအထိချီးမြှင့်ပေးအပ်ခဲ့သည်။

ကစားသမားဘဝတစ်လျှောက်အကောင်းဆုံးဆုများကို ချယ်လ်ဆီးကစားသမားဟောင်း ဖရန့်လမ်းပတ်နှင့် ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမားဟောင်း ပီယာလိုတို့က ရရှိခဲ့ကြသည်။

တစ်နှစ်တာအတွက် အကောင်းဆုံးအေးဂျင့်ဆုကို စီရော်နယ်ဒို၏အေးဂျင့် ဂျော့မန်ဒက်စ်က ရရှိခဲ့သည်။ ဂျော့မန်ဒက်စ်သည် Globe Soccer Awards ဆုများ စတင်ပေးအပ်ခဲ့သည့် ၂၀၁၀ ခုနှစ်မှ စတင်ပြီး ခြောက်နှစ်ဆက်တိုက် ဆုရရှိခဲ့ခြင်း ဖြစ်သည်။

အကောင်းဆုံးနည်းပြဆုကိုမူ ဘယ်လ်ဂျီယံအသင်းအား ကမ္ဘာ့အဆင့်တစ်နေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့သည့် မက်ဝီလ်မော့က ဆွတ်ခူး ရရှိသွားခဲ့သည်။

Globe Soccer Awards ဆုများ

အကောင်းဆုံးကစားသမား - မက်ဆီ

အကောင်းဆုံးနည်းပြ - မက်ဝီလ်မော့

အကောင်းဆုံးအသင်း - ဘာစီလိုနာ

အကောင်းဆုံးအကယ်ဒမီ - ဘင်ဖီကာ

ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆု - လမ်းပတ်နှင့် ပီယာလို

မီဒီယာများကို အဆွဲဆောင်နိုင်ဆုံးဆု - ဘာစီလိုနာ

အကောင်းဆုံးဥက္ကဋ္ဌဆု - ဘာတိုမြူ(ဘာစီလိုနာ)

အကောင်းဆုံးဒိုင်လူကြီး - အိုင်မာတော့ဗ်(ဥဇဘတ်ကစ္စတန်)

အကောင်းဆုံးအေးဂျင့် - ဂျော့မန်ဒက်စ်

GCC အကောင်းဆုံးကစားသမားဆု - ရက်ဆာအယ်လ်ရှာရာနီ(ဆော်ဒီ)

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly