အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာမှုအကျပ်အတည်း ကြီးထွားနေစဥ် ပြည်သူသန်းချီ ပြည်တွင်း၌ နေရပ်စွန့်ခွာနေရ

အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာမှုအကျပ်အတည်း ကြီးထွားနေစဥ် ပြည်သူသန်းချီ ပြည်တွင်း၌ နေရပ်စွန့်ခွာနေရ

အာဖဂန်နစ္စတန်နိုင်ငံတွင် သြဂုတ်လလယ်က တာလီဘန်တို့ ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် အာဖဂန်ပြည်သူသန်းနှင့်ချီတို့သည် ပြည်တွင်း၌ နေရပ်စွန့်ခွာရမှုများ ရှိနေသလို လူသားချင်းစာနာမှုအကျပ်အတည်း ကြီးထွားနေစဥ် လူပေါင်းထောင်နှင့်ချီတို့သည်လည်း ယင်းနိုင်ငံကနေ စွန့်ခွာထွက်ပြေးထားခဲ့ကြရသည်။

သေချာရေရာမှုမရှိဘဲ ပရမ်းပတာြဖစ်နေသည့် စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေများကြောင့် ဒိုင်ကွန်ဒီ ၊ ပန်ဂျ်ရှား၊ ဟယ်လ်မန်းနှင့် အခြားပြည်နယ်များတွင် ဒေသခံမိသားစု အများအပြားသည် ၎င်းတို့၏ နေအိမ်များ၊ ခြံမွေးတိရစ္ဆာန်များကို ချန်ထားရစ်ကာ စွန့်ခွာပြောင်းရွှေ့မှုများ ရှိနေခဲ့ကြောင်း Khaama Press က ဖော်ပြသည်။

အုပ်ချုပ်သူအစိုးရ အပြောင်းအလဲဖြစ်မှုက ယင်းနိုင်ငံ၏ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍအပေါ် အကြီးအကျယ် သက်ရောက်ထိခိုက်စေခဲ့ပြီး ပြည်တွင်း လုပ်ငန်း အများစုနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။

ယင်းအတွက်ကြောင့် နိုင်ငံသည် လက်ရှိတွင် နိုင်ငံတကာ၏ အကူအညီအထောက်အပံ့၊ ချိတ်ဆက် ဆက်သွယ်မှု မရရှိဘဲ သေရေရှင်ရေးတမျှ ဖြစ်သည့် စီးပွားရေး အခြေအနေတစ်ခုနှင့် ရင်ဆိုင်နေရပြီး သာမန်ပြည်သူများအတွက် အလွန်ခက်ခဲသည့် အခြေအနေတစ်ခုကို ဖြစ်ပေါ်စေလျက် ရှိသည်။

အလားတူ ကုန်သွယ်မှုနှင့် ဒေသဆိုင်ရာ ချိတ်ဆက် ဆက်သွယ်မှု မရှိမှုတို့ကြောင့် အများပြည်သူဆိုင်ရာ ကဏ္ဍသည်လည်း တစိတ်တပိုင်း တုံ့ဆိုင်းရပ်တန့်ထားခဲ့သည်။ အာဖဂန်ကုန်သည်များသည် အကြောင်းအရင်းတချို့ကြောင့် စိုက်ပျိုးရေးထုတ်ကုန်များကို ဒေသတွင်း ဈေးကွက်များသို့ ရောက်ရှိစေရန် လုပ်ဆောင်ရာတွင် မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသည်။

ထိုနည်းတူစွာပင် အခြေခံ မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ တင်သွင်းမှုက ခက်ခဲလာနေခဲ့သည့်အတွက် ဤကဲ့သို့ ခက်ခဲသည့် အချိန်ကာလများအတွင်း ဈေးနှုန်းများကို တက်စေခဲ့ကြောင်း Khaama Press က ဖော်ပြသည်။

နိုင်ငံတကာအသိုင်းအဝိုင်းက ရန်ပုံငွေကြေးများ ပေးပို့မှုကို ရပ်ဆိုင်းထားခဲ့ပြီးနောက် အာဖဂန်နစ္စတန်၏ ကွဲအက်လွဲပြီး လှူဒါန်းမှုကို အခြေပြုထားသည့် စီးပွားရေးသည် ပြိုလဲထားခဲ့ပြီဖြစ်သည်။ တာလီဘန်အစိုးရသည်လည်း လက်ရှိအချိန်အထိ နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် ထောက်ခံမှုကို မရရှိသေးပေ။

ပုဂ္ဂလိကထိန်းချုပ်သည့် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်း အများအပြားသည်လည်း ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး မသေချာမရေရာမှုများကြောင့် ပြန်လည် လည်ပတ်လာနိုင်ခြင်း မရှိသေးပေ။

စစ်ပွဲပြီးဆုံးပြီး လုံခြုံရေး အခြေအနေ တိုးတက်ထားခဲ့သည် ဆိုသော်ငြား လုံခြုံရေးအကြောင်းကိစ္စ တစ်ခုတည်းက စီးပွားရေးကို ပြန်လည်ရှင်သန်စေရန် အကူအညီဖြစ်စေခြင်း မရှိပေ။

နိုင်ငံတကာနှင့် ချိတ်ဆက် ဆက်သွယ်မှု၊ ဒေသဆိုင်ရာ ကုန်သွယ်မှု နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့က မည်သည့်စီးပွားရေးအတွက်မဆို အရေးပါသည့် အခန်းကဏ္ဍတစ်ခုတွင် ရှိနေပြီး ယင်းတို့သည်

အာဖဂန်နစ္စတန်၏ လက်ရှိအခြေအနေအောက်တွင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း Khaama Press က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly