PDF များနှင့် ပတ်သက်သည်ဆိုကာ အိမ်များ ချိပ်ပိတ်သိမ်းဆည်း

By သတင်းနှင့် မီဒီယာ ကွန်ရက်။
10 November 2021
PDF များနှင့် ပတ်သက်သည်ဆိုကာ အိမ်များ ချိပ်ပိတ်သိမ်းဆည်း

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်။

မြိတ်မြို့တွင် PDF အဖွဲ့များနှင့် ပတ်သက်သည်ဆိုသော စွပ်စွဲပြီး မြိတ်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဟောင်း ဦးမြတ်ကိုကို၏ နေအိမ်နှင့် အခြားအိမ်တစ်လုံးကို စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်းလိုက်သည်ဟု မြို့ခံများက ပြောသည်။

ကန်ဖျားရပ်၊ ထုံးဖိုလမ်းရှိ ဦးမြတ်ကိုကို၏ နေအိမ်နှင့် ပါရမီရပ် ပေခြောက်ဆယ်လမ်းမကြီးရှိ အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် NLD ပါတီဝင် ဒေါ်ရှင်ဌေး၏ နေအိမ် (ပန်းအိမ်မက် တည်းခိုရိပ်သာ) တို့ကို နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင် အချိန်ခန့်က တပြိုင်နက်သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

မြိတ်မြို့၊ ပါရမီရပ်ကွက်နေ အသက် ၃၅ နှစ် အရွယ်ခန့်ရှိသူ အမျိုးသားတစ်ဦးက “ဦးမြတ်ကိုကိုရဲ့ အိမ်နဲ့ခြံဝန်းကို ဗွီနိုင်းပြားနဲ့ သတိပေးစာ ကပ်သွားတယ်ကြားရတယ်။ ဒေါ်ရှင်ဌေး အိမ်မှာလည်း စာပြားနီလာကပ်ထားတာ တွေ့ရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ လာကပ်သည့် စာထဲတွင် “ဤမြေနေရာနှင့် အဆောက်အဦသည် အကြမ်းအဖက်အုပ်စု PDF အဖွဲ့အစည်းနှင့် ပတ်သက်ဆက်စပ်နေသောကြောင့် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်သည်။ မကျူး ကျော်ရ။ ရောင်းဝယ်ခြင်းမပြုရ“ ဟု ရေးသားထားသည်။

တနင်္သာရီတိုင်း မြိတ်မြို့တွင်သာမကပဲ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက နေအိမ် ၇ လုံးကိုလည်း မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲတစ်ခုနှင့်ပတ်သက်ဆက်စပ်သည်ဟု ဆိုကာ နိုဝင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ တစ်အိမ်ပြီးတစ်အိမ် စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့သည်။

ထို့အပြင် နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ ကျုံပျော်မြို့က ဘိုး ဘွားပိုင် နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းပြီး မိသားစုဝင်များကို ပြောင်းရွှေ့ခိုင်းခဲ့သည်။

စစ်ကောင်စီက အောက်တိုဘာလတုန်းကလည်း စစ်ကိုင်းတိုင်း အမျိုးသမီးလွှတ်တော်အမတ် ဒေါ်သန့်ဝေကျော် ၏ နေအိမ်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CHPH ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၏ ရန် ကုန်မြို့ရှိ နေအိမ်နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက် တာလျန်မှုန်းဆာခေါင်၏ ဟားခါးမြို့က နေအိမ်တို့ကိုလည်း ချိပ်ပိတ်သိမ်းယူခဲ့သည်။

ထိုသို့ ချိပ်ပိတ်သိမ်းဆည်းမှုများအပြင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်၍ ယနေ့အချိန်ထိ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖေါ်ရာတွင် ဦးဆောင်ပါဝင်သူများ၊ NLD ပါတီဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊ CDM ပြုလုပ်ထားသူ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့ဝင် အချို့တို့ကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များတွင်သာမကပဲ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေ့ခင်းပိုင်းတွင်သာမပဲ ည အချိန်တို့တွင်လည်း အပြစ်မဲ့ပြည်သူများကို နေအိမ်များထဲအထိ ဝင်ရောက် ခြိမ်းခြောက် ဖမ်းဆီးမှုများ လက်ရှိ အချိန်အထိ လုပ်ဆောင်နေဆဲဖြစ်သည့်အတွက် အချို့က တိမ်းရှောင်နေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required