တရုတ်ရွှေတူးဖော်ရေး လုပ်ငန်းကြောင့် လာအိုရှိ မြစ်တစ်စင်းတွင် ညစ်ညမ်းမှု ဖြစ်ပေါ်ကာ ပြည်သူများ အခက်အခဲ ကြုံတွေ့

တရုတ်ရွှေတူးဖော်ရေး လုပ်ငန်းကြောင့် လာအိုရှိ မြစ်တစ်စင်းတွင် ညစ်ညမ်းမှု ဖြစ်ပေါ်ကာ ပြည်သူများ အခက်အခဲ ကြုံတွေ့

တရုတ်လူမျိုးများ ပိုင်ဆိုင်သည့် ရွှေတူးဖော်ရေး လုပ်ငန်းတစ်ခုကြောင့် လာအိုနိုင်ငံ ဆီခွန်ခရိုင်ရှိ မြစ်ရေများ ဆိုးရွားစွာ ပျက်စီးကာ ငါးများသေဆုံးခြင်းနှင့် ဒေသခံပြည်သူများ၏ သောက်သုံးရေများ ညစ်ညမ်းခဲ့ရသည်။

“တရုတ်တွေပိုင်တဲ့ လာအိုက ခယ်လွန်း ရွှေတွင်းက မနှစ်က စခဲ့ပြီး အဲဒီအချိန်ကတည်းက ဒေသတွင်းက ရေအရင်းမြစ်တွေ ညစ်ညမ်းခဲ့ပါတယ်” ဟု အဆိုပါ မြစ်အနီးရှိ ဒေသခံပြည်သူတစ်ဦးက ပြောကြားကြောင်း Radio Free Asia သတင်းတွင် နိုဝင်ဘာ ၂ ရက်က ဖော်ပြခဲ့သည်။

“ရွှေတွင်းက မြေအမြင့်ပိုင်းမှာ ရှိပြီး ရေတွေက ဆည်ထဲကို စီးဝင်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြစ်ရေ အခြေအနေ ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ပေးရန် ရွာသားများက အာဏာပိုင်များထံ တောင်းဆိုထားကြသည်။

“ရေညစ်ညမ်းမှုက မနှစ်ကတည်းက စဖြစ်ခဲ့တာပါ။ ကုမ္ပဏီအနေနဲ့ ရေအခြေအနေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ ရွာသားတွေ အခက်အခဲ အများကြီး ဖြစ်နေပါတယ်” ဟု အက်တန်းဒေသခံတစ်ဦးက ပြောကြားသည်။

ရွှေတွင်းလုပ်ကိုင်နေသည့် ကုမ္ပဏီက တောင်ပေါ်ကရေတွေကို ပိုက်တွေအသုံးပြုပြီး ထိခိုက်မှုရှိတဲ့ ရွာတွေကို ပေးဝေနေပါတယ်” ဟုလည်း RFA သတင်းတွင် ဖော်ပြထားသည်။

“ပေးဝေတဲ့ ရေပမာဏက မလုံလောက်ဘူး။ စနစ်က ပျက်စီးနေတယ်။ မိုးသည်းထန်စွာ ရွာသွန်းပြီး မုန်တို်ငးတွေ ဖြစ်ပေါ်နေတာကြောင့် ပျက်စီးသွားတယ်” ဟု ကာအောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရေစီးဆင်းမှု ကောင်းမွန်စေဖို့ ကုမ္ပဏီနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေပူးပေါင်းပြီး အညစ်အကြေးစွန့်ပစ်မှုကို စောင့်ကြည့်သင့်သလို ဓာတုစွန့်ပစ်ပစ္စည်းတွေကို လျှော့ချဖို့နဲ့ မြစ်ကို မူလအတွင်း ပြန်ဖြစ်ဖို့ လုပ်ဆောင်သင့်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လာအိုတွင် တရုတ်၏ ကျည်ဆန်ရထားလမ်းစတင်ပြေးဆွဲမည့် သီတင်းပတ်အနည်းငယ်အလိုကလည်း ဒေသခံများက ၎င်းတို့၏ ဆုံးရှုံးသွားသည့် မြေယာများအတွက် မရသေးသည့် လျော်ကြေးများကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ယင်းစီမံကိန်းသည် တရုတ်က အလွန်စိတ်အားထက်သန်နေသည့် ခါးပတ်လမ်းမ အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကာ လာမည့် ၆ ပတ်အတွင်း စတင်ပြေးဆွဲရန် စီစဉ်ထားသော်လည်း ယင်းစီမံကိန်းအတွက် မြေများ သိမ်းဆည်းခံလိုက်ရသည့် လယ်သမားများက လျော်ကြေးကို စောင့်ဆိုင်းနေဆဲ ဖြစ်ပြီး ယင်းစီမံကိန်းသည် လာအိုတွင် အခြားစီမံကိန်းကြီးများနည်းတူ ပြဿနာဖြစ်ပွားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly