အင်ဒိုနီးရှားရေလုပ်သားများ တရုတ်ငါးဖမ်းသင်္ဘာပေါ်တွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရ

By South China Morining Post
10 November 2021
အင်ဒိုနီးရှားရေလုပ်သားများ တရုတ်ငါးဖမ်းသင်္ဘာပေါ်တွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရ

ရိုက်နှက်နှိပ်စက်ခံရပြီး အစာအငတ်ထားကာ မတော်တဆဖြစ်ရပ်များတွင် သေဆုံးစေခဲ့သည့် ကြောက်မက်ဖွယ်လုပ်ငန်းခွင်အခြေအနေများမှ လွတ်မြောက်ရန် တရုတ်ငါးဖမ်းသင်္ဘာပေါ်မှ ဆိုမာလီရေပိုင်နက်ထဲသို့ခုန်ချခဲ့သော အင်ဒိုနီးရှားရေလုပ်သားတစ်ဦးက သူနှင့်သူငယ်ချင်းများခံစားရသည့်အရာကို မည်သူမျှ မကြုံတွေ့စေလိုကြောင်းပြောသည်။

အသက်၂၉ နှစ်အရွယ်ရှိ ဘရာဒိုဘရာယန်တယ်ဝန်သည် ညှင်းပန်းနှိပ်စက်မှုများမှ လွတ်မြောက်ရန်နှင့် ဆိုမာလီကမ်းခြေသို့ရောက်ရှိရန် ဩဂုတ်လက အခြား အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးနှင့်အတူ ငါးဖမ်းသင်္ဘောပေါ်မှ ခုန်ချခဲ့သည်။ သို့သော် သူတို့၏ ကြိုးပမ်းချက်မှာ အချည်းနှီးဖြစ်ခဲ့သည်။ နာရီပေါင်းများစွာ ရေထဲမျောပါပြီးနောက် ၃ ဦးကို ၎င်းသင်္ဘောကပင် ပြန်ခေါ်သွားခဲ့ကာ ၁ ဦးမှာ ရေနစ်သေဆုံးခဲ့သည်ဟု ယူဆရသည်။

တယ်ဝူက "ကျွန်တော် သင်္ဘောပေါ်မှာ ဘယ်တော့မှ အလုပ်မလုပ်တော့ဘူး" ဟု ၎င်း၏ တုန်လှုပ်ချောက်ချားဖွယ်အတွေ့အကြုံကို This Week in Asia အစီအစဉ်သို့ ပြန်လည်ပြောပြခဲ့သည်။ လုပ်ငန်းစောင့်ကြည့်ရေးအဖွဲ့များနှင့် အင်ဒိုနီးရှားနှင့်ဆိုမာလီအစိုးရများက ကြားဝင်ဆောင်ရွက်ခဲ့ကာ သူ၏လွတ်မြောက်ရေးကြိုးပမ်းမှုအပြီး သိပ်မကြာခင်တွင် ၎င်းဒုက္ခများ အဆုံးသတ်သွားခဲ့သည်။

တယ်ဝူသည် တရုတ် Liao Dong Yu ရေယာဉ်စုပိုင် သင်္ဘောပေါ်တွင် အလုပ်လုပ်ရန် ၁ နှစ်စာချုပ်ချုပ်ဆိုပြီးနောက် ရံဖန်ရံဖန် အစာအနည်းငယ်သာစားရပြီး အိပ်စက်ခြင်းမပြုရဘဲ ၂၄ နာရီလုံး အလုပ်လုပ်ရကာ လပေါင်းများစွာ လစာမဲ့ အလုပ်လုပ်ခဲ့ရပုံကို ပြန်ပြောပြသည်။

ပထမဆုံးလူသေစေခဲ့သည့်မတော်တဆဖြစ်ရပ်မှာ၂၀၂၀ခုနှစ်ဇူလိုင်လက ဖြစ်သည်။ သူနှင့်သူ့ အုပ်စုတို့ အိပ်စက်နားနေခြင်းမရှိဘဲ၂၄နာရီ အလုပ်လုပ်ပြီး အလုပ်ပြီးခါစအချိန်ဖြစ်သည်။

“ငါးတွေနဲ့အတူ သဲတွေ အများကြီး ပါလာတော့ဆွဲပိုက်က အရမ်းလေးတယ်။ ကျွန်တော်တို့ ဆွဲတင်လိုက်တဲ့အခါ သံကြိုးပြတ်သွားပြီး ငါးဖမ်းပိုက်က ကျိုးရှင်ဝေလို့ခေါ်တဲ့ တရုတ်လူမျိုးရေလုပ်သားကို ရိုက်မိသွားတယ်” ဟု အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေစီမှ ဖုန်းအင်တာဗျူးတစ်ခုတွင် တယ်ဝန်က ပြောကြားခဲ့သည်။

ငါးဖမ်းဆွဲပိုက်ရိုက်ခတ်ခံရမှုကြောင့် ကျိုးရှင်းဝေသည် ပင်လယ်ထဲပြုတ်ကျခဲ့ကာ နောက် ၅ နာရီကြာသည် အထိ ရှာမတွေ့ခဲ့ပေ။ ထိုနောက် တခြား ငါးဖမ်းသင်္ဘာ၏ ဆွဲပိုက်အတွင်း၌ ပြန်လည်တွေ့ရှိခဲ့သည်။

၁ နှစ်အကြာတွင် Liao Dong Yu အဖွဲ့ပိုင် အခြားသင်္ဘောတစ်စင်းပေါ်၌ အလားတူဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

ယခုတစ်ကြိမ်တွင် ဆွဲပိုက်ကို ထိန်းထားသော သံကြိုးများက အင်ဒိုနီးရှားရေလုပ်သားများကို ရိုက်မိခဲ့သည်။ ၁ ဦးသည် သင်္ဘောပေါ်တွင်ပင် သေဆုံးခဲ့ပြီး အခြား ၁ ဦးသည် ပင်လယ်ထဲသို့ကျသွားကာ ရုပ်အလောင်းပြန်မတွေ့တော့ပေ။

စည်းကမ်းဖောက်ဖျက်မှု အနည်းငယ်မျှဖြင့်ပင် သင်္ဘောကပ္ပတိန်သည် အင်ဒိုနီးရှားနှင့် တရုတ်ရေလုပ်သားများကို သွေးထွက်အောင် ကန်ကျောက်ရိုက်နှက်သည့် လူဆိုးတစ်ဦးဖြစ်ကြောင်း တယ်ဝန်ကပြောသည်။

တယ်ဝန် စာချုပ်သက်တမ်းသည် ၂၀၂၀ ဒီဇင်ဘာက ပြည့်သော်လည်း အိမ်ပြန်ခွင့်မပေးသောကြောင့် သူ၏ ဒုက္ခသည် အဆုံးမသတ်ခဲ့ပေ။

ဇွန်လလယ်က တယ်ဝန်သည် မိဘများနှင့် ဖုန်းအဆက်အသွယ်ရခဲ့ပြီး အန္တရာယ်ကျရောက်နေကြောင်း အသိပေးခဲ့သည်။ သူ၏ အတိဒုက္ခအကြောင်း ဗီဒီယိုကို Facebook ပေါ်၌ တင်ခဲ့သည်။နောက်ဆုံးတွင် ၎င်းဗီဒီယိုဖိုင်ကို Destructive Fishing Watch Indonesia (DFW) က သတိထားမိခဲ့သော်လည်း တယ်ဝန်နှင့် သူ၏အင်ဒိုနီးရှားသူငယ်ချင်း ၃ ယောက် ဩဂုတ်ည ၁၅ ရက်က သင်္ဘောပေါ်မှ ခုန်ချရန် ဆုံးဖြတ်ခဲ့သည့်အချိန်ကိုတော့ မမီတော့ပေ။

“သင်္ဘောက ကျွန်တော်တို့ကို တွေ့သွားပြီး ကြိုးလှမ်းပစ်ပေးပါတယ်။ ကြိုးကို ကျွန်တော် လှမ်းဖမ်းလိုက်ချိန်မှာ သူငယ်ချင်း အာဂျီရဲ့လက်က ကျွန်တော့ဆီကနေ လွတ်သွားခဲ့ပါတယ်။ သူ့အလောင်းကို မတွေ့ရတော့ပါဘူး” ဟု တယ်ဝန်ကပြောသည်။

လွတ်မြောက်ရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့သော်လည်း DFW၊ ပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုဖောင်ဒေးရှင်း၊ အပြည်ပြည်ဆိုင်ရာ တရားမျှမှုမစ်ရှင်နှင့် ဆိုမာလီနှင့် အင်ဒိုနီးရှားအစိုးရတို့၏ ဖိအားပေးမှုကြောင့် သင်္ဘောပိုင်ရှင်က ဩဂုတ် ၂၈ ရက်တွင် တယ်ဝန်နှင့် အခြားအင်ဒိုနီးရှားနိုင်ငံသား ၁၁ ဦးကို ပြန်လည်ပို့ဆောင်ခဲ့သည်။

DFW ၏ အမျိုးသားညှိနှိုင်းရေးမှူး မိုအဗ္ဗဒီဆူဟူဖန်က ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ် မတ်လအတွင်း နိုင်ငံခြားငါးဖမ်းသင်္ဘောပေါ်တွင် အလုပ်လုပ်နေသော အင်ဒိုနီးရှားနိုင်ငံသား ၃၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါ ၃၅ ဦးအနက် ၈၂ ရာခိုင်နှုန်းသည် တရုတ်ပြည်မကြီးမှ သင်္ဘောများပေါ်တွင် လုပ်ကိုင်ကြသည်။

“သူတို့က ဖျားနာတာ၊ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တဲ့ပုံစံနဲ့ အကြမ်းဖက်ခံရတာ၊ လူသတ်မှု၊ ဆိုးရွားတဲ့ အလုပ်ခွင်အခြေအနေတွေနဲ့ အစားအသောက်နဲ့ရေမလောက်ငှတာစတဲ့အကြောင်းမျိုးစုံကြောင့် သေဆုံးခဲ့ကြတာပါ” ဟု အဗ္ဗဒီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly