ရှင်ကျန်းဒေသသို့ ဟန့်တား ကန့်သတ်ခြင်းမရှိဘဲ ဝင်ရောက်ခွင့်ရရေး ဗြိတိန်အစိုးရတောင်းဆို

ရှင်ကျန်းဒေသသို့ ဟန့်တား ကန့်သတ်ခြင်းမရှိဘဲ ဝင်ရောက်ခွင့်ရရေး ဗြိတိန်အစိုးရတောင်းဆို

ဗြိတိန်က တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ရှိ လူ့အခွင့်အရေးအခြေအနေများကို စိုးရိမ်ကြောင်း အောက်တိုဘာ ၂၉ က ထုတ်ပြန်လိုက်ပြီး ၎င်းဒေသသို့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးအဖွဲ့ လွတ်လပ်ဝင်စွာ ရောက်ခွင့်ပြုရန် တရုတ်အား နိုင်ငံတကာ၏ တောင်းဆိုမှုကို ထောက်ခံလိုက်သည်။

“ရှင်ကျန်းအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ များစွာ စိုးရိမ်နေဆဲပါပဲ။ ရှင်ကျန်းနဲ့ပတ်သက်တဲ့ အကဲဖြတ်ချက်ကို ထုတ်ပြန်မယ့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးရဲ့ ကတိကဝတ်ကို ကြိုဆိုပါတယ်။ လူ့အခွင့်အရေးမဟာမင်းကြီးအနေနဲ့ဒေသတွင်းကို မဆိုင်းမတွ အတားအဆီးမရှိဝင်ရောက်ခွင့်ပြုဖို့ တရုတ်ကို ဆက်လက်တောင်းဆိုပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာလက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် အီဇဲဘရန်းခရစ်နှင့်အပြန်အလှန်ဆွေးနွေးမှုတွင် ဗြိတိန်အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“အမျိုးသားလုံခြုံရေးဥပဒေအောက်မှာရှိတဲ့ ဟောင်ကောင်ရဲ့ အခြေခံလွတ်လပ်ခွင့် ယိုယွင်း ပျက်စီးလာမှုတွေနဲ့ တိဗက်က လူ့အခွင့်အရေးအခြေအနေတွေကိုလည်း အလေးအနက်စိုးရိမ်နေဆဲပါ” ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ယခုနှစ်အစောပိုင်းက လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး မီရှဲဘက်ချလက်က ဝီဂါများအပေါ် ဆိုးရွားစွာ ညှင်းပန်းနှိပ်စက်မှုအစီရင်ခံစာများကို စုံစမ်းစစ်ဆေးရန် ရှင်ကျန်းပြည်နယ်သို့ ယခုနှစ်အတွင်းလာရောက်ရေးအတွက် တရုတ်နိုင်ငံနှင့်သဘောတူညီမှုရရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။

ရှင်ကျန်းပြည်နယ်ကိုဝင်ရောက်ခွင့်ရရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားများ တိုးလာချိန်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိများကခရီးစဉ် အချိန်ဇယားကို အကြံပြုသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

မီရှဲဘက်ချလက်က “ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အဓိပ္ပါယ်ရှိရှိ ဝင်ရောက်နိုင်ဖို့အပါအဝင် ခရီးစဉ်အတွက် တရုတ်နဲ့ဆက်လက်ဆွေးနေပါတယ်။ အထူးသဖြင့် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာတွေ ဆက်လက်ထွက်ပေါ်နေတာကြောင့် ဒီနှစ်မှာ သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။

ရှင်ကျန်းရှိ ဝီဂါများ၊ ကာဇက်လူမျိုးများနှင့်တခြား မွတ်စလင်အများဆုံးရှိသော တိုင်းရင်းသား လူနည်းစုများသည် စနစ်ကျသော နိုင်ငံ့အစီအစဉ်ဖြင့် အစုလိုက်အပြုံလိုက် အကျဉ်းချခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုကျူးလွန်ခံရခြင်း တို့ကို

ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ယခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်သည် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်အားလုံးကို ဆက်လက်ငြင်းဆိုနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly