ကွတ်ခိုင်တွင် စစ်သားက အသက် ၆၀ကျော်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်မှု စစ်ကြောင်းမှူးက ကျေအေးပေးရန် တောင်းပန်

ကွတ်ခိုင်တွင် စစ်သားက အသက် ၆၀ကျော်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်မှု စစ်ကြောင်းမှူးက ကျေအေးပေးရန် တောင်းပန်

နိုဝင်ဘာ ၉

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာအုပ်စု၌ နို၀င်ဘာလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်သားတစ်ဦးက အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ တပ်သားတစ်ဦးက လာရောက် ဟင်းတောင်းရာမှ ခြံအတွင်း တစ်ဦးတည်းရှိနေသည့် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

အဆိုပါခြံအတွင်း အမျိုးသမီးနှစ်ဦး ရှိရာ တစ်ဦးမှာ ခြံစောင့်အဖြစ် ကျန်ခဲ့ပြီး ကျန်တစ်ဦးမှာ အဝတ်အစား သွားယူနေစဉ် ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “စစ်ကြောင်းမှူးနဲ့ သွားတွေ့တော့ စစ်ကြောင်းမှူးဘက်က တောင်းပန်တယ်။ သူက ကျေအေးမယ်ပေါ့။ ဒါပေမဲ့ ကျေအေးခြင်း မဟုတ်ဘဲနဲ့ တပ်သားကို ပြစ်ဒဏ်ပေးစေချင်တယ်။ အများပြည်သူရှေ့မှာ မတောင်းပန်ပေးနိုင်ဘူးဆိုရင် အမျိုးသမီးအတွက် လုံခြုံမှုမရှိတော့ အားလုံး ကြောက်လန့်နေကြတယ်” ဟု ပြောသည်။

၎င်းတပ်သားသည် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံတပ်ရင်း (၃၃၆ ) မှဖြစ်​ပြီး ၎င်းကို နောက်တန်း ပြန်ပို့မှာဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ တာဝန်ရှိသူက ဒေသခံများကို ပြောဆိုထားသည်။

လွန်ခဲ့သည့် ဇွန်လ ၁၀ ရက်တွင်လည်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအတွင်းရှိ ၁၄ နှစ်အရွယ် သီလရှင်တစ်ပါးကို စစ်ကောင်စီတပ်သားက အဓမ္မပြုကျင့်ခဲ့ပြီး ယင်းအမှုကို ယနေ့အထိ မဖြေရှင်းပေးသေးပေ။

ဓာတ်ပုံ- မိုင်းဘဉာဏ် (ကွတ်ခိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required