မန္တလေးတွင် ဆိုင်ကယ် စစ်ဆေးဖမ်းဆီးမှု ပိုများလာ၍ ပြည်သူများ အခက်တွေ့နေ

မန္တလေးတွင် ဆိုင်ကယ် စစ်ဆေးဖမ်းဆီးမှု ပိုများလာ၍ ပြည်သူများ အခက်တွေ့နေ

နိုဝင်ဘာ ၉

မန္တလေးမြို့၌ စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲများက ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီးမှု ပိုမို လုပ်ဆောင်နေသဖြင့် ဆိုင်ကယ် အသုံးပြုသူများ အခက်တွေ့နေကြောင်း မြို့ခံများက ပြောသည်။

“တစ်နေ့ထက် တစ်နေ့ အဖမ်းအဆီးက ပိုလာတယ်။ ယာဉ်ထိန်းရဲ နဲ့ တွေ့လို့ လိုင်စင် အစစ်ခံရတဲ့အခါ သက်တမ်းတိုး မထားရင် ဒဏ်ရိုက် ခံရတာက အရင်ကထက် ဆိုးတယ်။ တောင်းသလောက် ပေးရတယ်။ မပေးရင် ဆိုင်ကယ်သိမ်းတယ်။ မပေးဘဲလည်း မနေရဲပါဘူး။ တချို့ စစ်တဲ့နေရာတွေမှာ စစ်သားတွေ ပါပါတယ်။ တကယ့်ဒုက္ခကြီးပါ” ဟု မြို့ခံတစ်ဦး က ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လမှစ၍ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မန္တလေး) ရုံးကို ပြန်ဖွင့်ခဲ့ပြီး ဆိုင်ကယ်ယာဉ် သက်တမ်းတိုး အခွန်ဆောင်စေခဲ့သည်။

အဆိုပါရုံးတွင် ဆိုင်ကယ်လိုင်စင် သက်တမ်း သွားမတိုးကြရန် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေး ကြေညာထားသော်လည်း စစ်ကောင်စီ ယာဉ်ထိန်းရဲများ၏ ဖမ်းဆီးမှုများကြောင့် သက်တမ်းတိုးနေရကြောင်း ဆိုင်ကယ်ကို မဖြစ်မနေ အသုံးပြုနေရသူ တချို့က ဆိုသည်။

“ဒီတော့ ကျွန်တော်တို့မှာက သက်တမ်း မတိုးလို့ မဖြစ်ပြန်ဘူး။ မတိုးဘဲလည်း နေဖူးတယ်။ ခုနက ပြောသလိုပဲ လမ်းမှာ ရဲနဲ့တိုးလို့ ခဏခဏ ဒဏ်ရိုက်ခံရတယ်။ သွားတိုးတော့လည်း တန်းစီနေတုန်း ဘယ်အချိန် ဗုံးပေါက်မလဲ တထိတ်ထိတ်နဲ့။ တကယ်ကို ခက်ခဲတဲ့ ကာလကြီးပါ” ဟု ဆိုင်ကယ်ဖြင့် အသက်မွေး၀မ်းကြောင်းပြုသူ တစ်ဦးက ပြောသည်။

ဇူလိုင်လ ပထမပတ်တွင် ပြန်ဖွင့်ခဲ့သော မန္တလေး ကညန ရုံးသည် လေးကြိမ် ဗုံးခွဲတိုက်ခိုက် ခံထားရပြီး လေးကြိမ်မြောက် ပေါက်ကွဲမှုမှာ အောက်တိုဘာလ ၂၇ ရက်က ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီက ဆိုင်ကယ်ယာဉ် သက်တမ်းတိုးရန် ဆက်လက် ဖိအားပေးနေပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ကလည်း သိပ္ပံလမ်း ကညနရုံး (ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန - မန္တလေး) အား ထပ်မံဗုံးခွဲ တိုက်ခိုက်မည်ဟု စာပစ် သတိပေးထားကြောင်း သတင်းရင်းမြစ် ထံမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly