ထိုင်းနိုင်ငံထဲ ခိုးဝင်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် ထပ်မံ ဖမ်းဆီးခံရပြန်

ထိုင်းနိုင်ငံထဲ ခိုးဝင်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် ထပ်မံ ဖမ်းဆီးခံရပြန်

နိုဝင်ဘာ ၉

နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ခိုးဝင်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၁၈ ဦးသည် နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက စန်ခလာဘူရီ ခရိုင်၌ ထိုင်းရဲနှင့် စစ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်အရ သိရသည်။

အဖမ်းခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားအုပ်စုတွင် အမျိုးသား ၁၂၂ ဦး၊ အမျိုးသမီး ၉၃ ဦးနှင့် ကလေးသုံးဦးတို့ ပါဝင်သည်။

၎င်းတို့သည် နယ်စပ်အနီး စန်ခလာဘူရီ ခရိုင်ရှိ ဒေသခံတစ်ဦး၏ ဆီအုန်းစိုက်ခင်းတစ်ခုတွင် စောင့်ဆိုင်းနေခဲ့ကြစဉ် အဖမ်းခံရခြင်းဖြစ်သည်။ အဆိုပါ ဒေသခံက ပြည်တွင်းအာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများက ၎င်းတို့သည် မော်လမြိုင်၊ ပဲခူး၊ ဘားအံ နှင့် ဘုရားသုံးဆူတို့မှ လာကြသူများဖြစ်သည်ဟု ပြောသည်။ မြန်မာလမ်းပြသုံးဦးနောက် လိုက်ရင်း ၎င်းတို့သည် နိုဝင်ဘာ ၈ ရက် ညနေပိုင်းက ဘုရားသုံးဆူမှ တောအုပ်ထဲ ဖြတ်ကာ လမ်းလျှောက်လာခဲ့ပြီး ယင်းနောက် ဆီအုန်းစိုက်ခင်းထဲ ရောက်လာခဲ့စဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အများစုသည် ဆမွတ် ဆာခွန်း၊  နခွန် ပထုံ၊ နွန်သာဘူရီ၊ ဆမွတ် ပရာကန်၊ ရတ်ချာဘူရီ၊ ဘန်ကောက် နှင့် ပရာကျော့ ခီရီ ကန် တို့တွင် အလုပ်အကိုင်များ ရရှိရေး သွားရောက်နိုင်ရန် စောင့်ဆိုင်းနေခဲ့ကြသူများဖြစ်သည်။ အချို့ကမူ ကန်ချာနဘူရီတွင် အလုပ်ရရှိမည်ဟု မျှော်လင့်ခဲ့ကြသည်။ တစ်ဦးစီတိုင်းသည် အလုပ်အကိုင်ပွဲစားများထံ ထိုင်းဘတ်ငွေ ၂၅,၀၀၀ ကနေ ၂၆,၀၀၀ အထိ ပေးထားခဲ့ရသည်။

ယင်းသည် ယခုနှစ်အတွင်း စန်ခလာဘူရီတွင် မြန်မာဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများပါဝင်သည့် အကြီးဆုံး အုပ်စုကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ယင်းခရိုင် ရဲဌာနမှ ခေတ္တအကြီးအကဲ ရဲမှူးကြီး ပီပတ် ရမ်ဆမ်ပန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required