ကွမ်းခြံကုန်း ဒေသခံ ၁ ဦး စစ်ကောင်စီလက်တွင် သေဆုံး၊ အတူဖမ်းခံထားရသူ ၉ ဦးလည်း အသက်အန္တရာယ် စိုးရိမ်ရ

ကွမ်းခြံကုန်း ဒေသခံ ၁ ဦး စစ်ကောင်စီလက်တွင် သေဆုံး၊ အတူဖမ်းခံထားရသူ ၉ ဦးလည်း အသက်အန္တရာယ် စိုးရိမ်ရ

နိုဝင်ဘာ ၉

စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံထားရသည့် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနှောရွာမှ ဒေသခံတစ်ဦး ယနေ့ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ပြီး ၎င်းနှင့်အတူ ဖမ်းခံထားရသူ ကိုးဦးလည်း အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

သေဆုံးသွားသူမှာ အသက် ၃၅ နှစ်အရွယ် ကိုမင်းဇော်ဦးဖြစ်ပြီး ၎င်းသည် လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

"အခု ဆုံးသွားတဲ့သူက ဘာအပြစ်မှ မရှိဘဲ အဖမ်းခံရတာ။ ဖမ်းဆီးခံရတဲ့ အချိန် ရိုက်နှက်ခံရတာတွေ ရှိတယ်။ မနက်က ကွမ်းခြံကုန်း ဆေးရုံကနေ ရန်ကုန်ဆေးရုံကို တင်ဖို့သွားရင်း လမ်းမှာ ဆုံးသွားတာ။ အခုသူ့ မိသားစုတွေတော့ လိုက်သွားတယ်။ ကျန်တဲ့ ဖမ်းဆီးခံထားရသူ ကိုးယောက်ကလည်း အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ကြားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ စစ်ကား နိုဝင်ဘာလ ၆ ရက်တွင် တိုက်ခိုက်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး ကွမ်းခြံကုန်း မြို့နယ်၊ အင်္ဂလုံးကျေးရွာနှင့် ဒေးဒနှောရွာမှ ပြည်သူ ဦးရေ ၄၀ ကျော်ကို စစ်ကောင်စီက အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွားပြီး ဒေးဒနှောရွာသား ငါးဦးကိုသာ ပြန်လွှတ်ပေးခဲ့သည်။

ကိုမင်းဇော်ဦးသည်လည်း အဆိုပါနေ့က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြောင်းမဲ့ဖမ်းဆီး ရိုက်နှက် နှိပ်စက်မှုကြောင့် ဖမ်းဆီး ခံထားရ သူများအနက် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးလည်း သေဆုံးခဲ့ရာ ယနေ့ သေဆုံးသည့် ကိုမင်းဇော်ဦးနှင့် ဆိုလျှင် နှစ်ဦး ရှိပြီဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက် နေ့လယ်ပိုင်းကလည်း ဒေးဒနှောကျေးရွာ ကွင်းထဲရှိ တဲသုံးလုံးကို အကြမ်းဖက် စစ်ကောင်စီတပ်များက သွားရောက်စီးနင်း ရှာဖွေစဉ် အနီးရှိ တဲအိမ်မှ ကြောက်လန့် ထွက်ပြေးသည့် သက် ၄၀ အရွယ် ကိုဝင်းအောင်လတ် ဆိုသူအား စစ်တပ်က ပစ်သတ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly