စိတ်ချို့ယွင်းနေသူ အမျိုးသားအား ကြိုးပေးကွပ်မျက်မှုကို စင်္ကာပူတရားရုံး ရွှေ့ဆိုင်း

စိတ်ချို့ယွင်းနေသူ အမျိုးသားအား ကြိုးပေးကွပ်မျက်မှုကို စင်္ကာပူတရားရုံး ရွှေ့ဆိုင်း
Photo - AFP

နိုဝင်ဘာ ၉

စင်္ကာပူနိုင်ငံမှာ မူးယစ်ဆေး ကုန်ကူးမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မလေးရှားနိုင်ငံသားအမျိုးသားတစ်ဦးကို ကြိုးပေးကွပ်မျက်မှုကို နောက်ဆုံးရွှေ့ဆိုင်းထားဖို့  တရားရုံးတစ်ခုက နိုဝင်ဘာ ၉ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

အဆိုပါ သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူဖြစ်ကြောင်း လူ့အခွင့်အရေး စည်းရုံးလှုံ့ဆော်သူတွေဘက်က ပြောဆိုချက်တွေ ရှိနေခဲ့ပြီး လက်ရှိမှာ ၎င်းမှာ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တရားရုံးက ၎င်းကို ကွပ်မျက်မယ့် ကိစ္စကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

နာဂါအန်သရန် ကေ ဒါမယ်လင်ဂမ် အမည်ရ အဆိုပါ အမျိုးသားဟာ စင်္ကာပူနိုင်ငံထဲကို ဘိန်းဖြူပမာဏ အနည်းငယ် မှောင်ခိုကူးမှုအတွက် ၂၀၀၉ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီး နောက်တစ်နှစ်မှာပဲ သေဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ စင်္ကာပူကတော့ ကမ္ဘာမှာ အတင်းကြပ်ဆုံး မူးယစ်ဆေးတိုက်ဖျက်ရေး ဥပဒေတွေ ရှိနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

၎င်းအတွက် အယူခံဝင်မှု အသီးသီး ရှုံးနိမ့်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၀ ရက်မှာ ကြိုးပေးကွပ်မျက်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ နာဂါအန်သရန် ဟာ အသိဉာဏ်ဆိုင်ရာ ချို့ယွင်းသူ ဖြစ်တဲ့အတွက် ဆင်ခြင်တုံတရား အခြေခံတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စွမ်း မရှိဘူးဆိုပြီး ထောက်ခံသူတွေရဲ့ ပြောဆိုချက်တွေနဲ့ နိုင်ငံတကာရဲ့ နာကြည်းမှုတွေ တိုးလာနေခဲ့ပေမယ့် ၎င်းကို ကြိုးပေးကွပ်မျက်ဖို့လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးအကြိမ် အယူခံဝင်မှုတစ်ခု တင်ခဲ့ပြီး အယူခံ တရားရုံးက ယင်းကို နိုဝင်ဘာ ၉ ရက်မှာ ကြားနာသွားဖို့ ရှိနေချိန် ကွပ်မျက်မှုကို ဆိုင်းထားဖို့ ဆုံးဖြတ်ချက်ထွက်လာတာဖြစ်ပါတယ်။

ကြားနာမှု မစတင်နိုင်ခင် နာဂါအန်သရန်မှာ COVID-19 ကူးစက်ခံထားရတယ်လို့ တရားသူကြီး အန်ဒရူး ဖန်ဘွန်းလီယွန်းက တရားရုံးကို ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ ကွပ်မျက်မှုကို ဆိုင်းငံ့ထားဖို့ ထုတ်ပြန်ရပါမယ်" လို့ ၎င်းက ပြောပါတယ်။ ဆိုင်းငံ့မှုက အချိန်ကာလ ဘယ်လောက် ကြာမလဲ ဆိုတာကိုတော့ လက်ရှိမှာ ထုတ်ဖော်ထားတာမျိုး မရှိသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly