ထန်တလန်မီးလောင်မြင်ကွင်းကို ဓာတ်ပုံတွဲရိုက်ကာ ဖေ့ဘွတ်တင်သည့် စစ်သား ချင်းပြည်နယ်တိုက်ပွဲတွင် သေဆုံးဟုဆို

ထန်တလန်မီးလောင်မြင်ကွင်းကို ဓာတ်ပုံတွဲရိုက်ကာ ဖေ့ဘွတ်တင်သည့် စစ်သား ချင်းပြည်နယ်တိုက်ပွဲတွင် သေဆုံးဟုဆို

နိုဝင်ဘာ ၉

ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးလောင်နေသည့်မြင်ကွင်းကို နောက်ခံထားကာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် စာမျက်နှာ ပေါ်တင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားသည် ချင်းပြည်နယ်အတွင်း တိုက်ပွဲတွင် သေဆုံးသွားကြောင်း မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေး pdf တစ်ခုထံက သိရသည်။

ထန်တလန်မြို့ မီးလောင်နေစဉ် ခလရ (၂၂၂ ) တပ်မှ ဒုတပ်ကြပ် အောင်ကျော်ငြိမ်းဆိုသူနှင့် စံထွန်းဦးတို့ နှစ်ဦးမှာ ဓာတ်ပုံရိုက်ကာ ဖေ့ဘွတ်တွင် ဓာတ်ပုံတင်ခဲ့ကြသည်။ အဆိုပါ ဓာတ်ပုံများမှာ ထန်တလန်မြို့အဝင် ဘုန်းကြီးကျောင်း အောက်ဘက်နှင့် တပ်စခန်းအနီးရှိ ရှုထောင့် (View Point ) မှရိုက်ကူးထားသည့်ပုံများ ဖြစ်ကြောင်းသိရသည်။

ဒုတပ်ကြပ် အောင်ကျော်ငြိမ်း (Pyoe Thar ဖေ့ဘွတ်အကောင့်ဖြင့် ပုံတင်ခဲ့သူ) မှာ လွန်ခဲ့သော သုံးရက်က ချင်းပြည်နယ်တိုက်ပွဲတစ်ခုတွင် သေဆုံးသွားခဲ့ကြောင်း မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေး pdf တစ်ခုက ပြောသည်။

၎င်းသည် မီးလောင်နေသည့် ထန်တလန်မြို့ကိုနောက်ခံထားဓာတ်ပုံရိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကရှို့ပြီး ၎င်းတို့ကို ပစ်ခတ်သည်ဟုရေးသားကာ လှောင်ပြောင်သရော်ခဲ့သူဖြစ်သည်။

ထို့အပြင် ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံရစဉ်ကလည်း သတ်ဖြတ်ခဲ့သူဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။ ထိုကိစ္စကို မဇ္ဈိမက သီးခြားအတည်ပြုချက် မရပေ။

အဆိုပါ စစ်ကောင်စီတပ်သားသည် မန္တလေးမြို့ဇာတိဖြစ်ပြီး အထက(၁၂) ကျောင်းထွက်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

၎င်းသေဆုံးကြောင်းကို စစ်တပ်ထောက်ခံသူအချို့နှင့် ၎င်း၏မိတ်ဆွေများက လူမှုကွန်ရက်စာမျက်နှာထက်တွင် ရေးသားထားသလို တော်လှန်ရေးအဖွဲ့အချို့ကလည်း အတည်ပြုထားသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်ကို မဇ္ဈိမက သီးခြားအတည်ပြုချက်မရရှိသေးပေ။

"အဲကောင်ရဲ့ မိဘတွေ၊ ဆွေမျိုးစာရင်းတွေပါ ရထားပြီးပြီ။ သူသေသွားတာ သူ့မိဘတွေကံကောင်းသွားတာပေါ့"ဟု မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

ထန်တလန်မြို့သည် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အောက်တိုဘာလ၂၉ရက်နေ့တွင် မီးလောင်ခဲ့ပြီး နေအိမ် ၁၆၄လုံး၊ ဘုရားကျောင်း နှစ်ကျောင်း၊ ဆိုင်ခန်း ၁၀၀ နှင့် CB ဘဏ်တို့ မီးလောင်ပျက်စီးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly