အာမေးနီးယား ဝန်ကြီးချုပ် နုတ်ထွက်ရေး ပြည်သူ ထောင်ပေါင်းများစွာ စုရုံးဆန္ဒပြ 

အာမေးနီးယား ဝန်ကြီးချုပ် နုတ်ထွက်ရေး ပြည်သူ ထောင်ပေါင်းများစွာ စုရုံးဆန္ဒပြ 
Photo - AFP

နိုဝင်ဘာ ၉

ကော့ကေးဆပ် အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်ကြားက စစ်ပွဲအဆုံးသတ်ရေး အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ တစ်နှစ်ပြည့်မြောက်မှာ အာမေးနီးယား ဝန်ကြီးချုပ် နီကိုလ် ပါရှင်ယန်း နုတ်ထွက်ရေးကို ပြည်သူထောင်ပေါင်းများစွာဟာ တနင်္လာနေ့မှာ စုရုံးတောင်းဆို ဆန္ဒပြကြပါတယ်။ 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၉ ရက်မှာ ပါရှင်ယန်းဟာ ရုရှက ကြားဝင်ဖြန်ဖြေတဲ့ အပစ်ရပ်သဘောတူညီမှုကို အဇာဘိုင်ဂျန်နဲ့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီ သဘောတူညီချက်အရ အငြင်းပွား နာဂေါ်နို-ကရာဘတ်ချ်ဒေသနဲ့ ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ သီတင်းခြောက်ပတ်တာ စစ်ပွဲအဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ စစ်ပွဲအတွင်းမှာ လူပေါင်း ၆၅၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ပါတယ်။ 

သဘောတူညီချက်အရ အာမေးနီးယားက ဆယ်စုနှစ်များစွာ ထိန်းချုပ်ထားခဲ့တဲ့ နယ်မြေတော်တော်များများကို လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီ သဘောတူညီချက်ကို အာမေးနီးယားမှာ အမျိုးသားရေး အရှက်ရမှုအဖြစ် ရှုမြင်ကြပြီး လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ သီတင်းပတ်များစွာ ဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။ 

ဇွန်လမှာ ပါရှင်ယန်းဟာ ကြားဖြတ်လွှတ်တော်မဲပေးပွဲ ခေါ်ယူခဲ့ပြီး သူ့ရဲ့ Civil Contract ပါတီ အနိုင်ရခဲ့ပါတယ်။ 

ပါရှင်ယန်းအစိုးရကို နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲတွေ ဆင်နွှဲမယ် စိတ်ပိုင်းဖြတ်ရင်း တနင်္လာနေ့ ညနေပိုင်းမှာ ယာရီဗန်မြို့လယ်မှာ ထောက်ပေါင်းများစွာသော ပြည်သူတွေ စုရုံးကြပါတယ်။ ဆန္ဒပြစုရုံးမှုတွေကို သမ္မတဟောင်း ရောဘတ် ကိုချာယန်းရဲ့ အတိုက်အခံ မဟာမိတ်ပါတီတွေကို ကြီးမှူးကျင်းပတာပဲ ဖြစ်ပါတယ်။ 

“တစ်နိုင်ငံလုံး ကန့်ကွက်ဆန္ဒပြမှုတွေ စတင်ပြီလို့ ဒီကနေ ကျွန်တော်တို့ ကြေညာပါတယ်၊ ကျွန်တော်တို့ လှုပ်ရှားမှုရဲ့ ပန်းတိုင်ဟာ ကျွန်တော်တို့ နိုင်ငံကို ဖျက်ဆီးနေတာကို ရပ်တန့်ဖို့ပဲ ဖြစ်တယ်”လို့ အတိုက်အခံ Dashnaktsutyun ပါတီ ခေါင်းဆောင် အီရှက်ခန် ဆာဂါတဲလ်ယန်က ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်က အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့ဟာ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ရာမှာ ဆယ်စုနှစ်များစွာ ပိုင်နက်နယ်မြေ အငြင်းပွားမှုမှာ နောက်ထပ်စစ်ပွဲ ပေါ်ပေါက်မှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ရပါတယ။ 

ပါရှင်ယန်းရော၊ အဇာဘိုင်ဂျန် သမ္မတ အီဟမ် အလီယက်ဗ်တို့ကပါ အဓိပ္ပာယ် ပြည့်ဝတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေအတွက် အသင့်ရှိကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required