“သူရဦးရွှေမန်း၊ ငါ မသေဘူး ရေကူးတတ်တယ်”

“သူရဦးရွှေမန်း၊ ငါ မသေဘူး ရေကူးတတ်တယ်”
၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်အတွင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်သက်၊ အီးပီအေ)

၂၀၁၅ ခုနှစ်ထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး လူတစ်ယောက်ကို ပြပါဆိုရင် ပြည်ထောင်စု လွှတ်တော် နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို ပြရမှာပဲ ဖြစ်ပါတယ်။ အခြားသူတွေနဲ့စာရင် သူ့ဘဝဟာ အတက်အကျ အလှုပ်အရမ်း အလွန်များခဲ့လို့ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလတုန်းကလည်း သူ ဝင်ရောက် အရွေးခံတဲ့ ဖြူးမြို့နယ်ဆီကို နိုင်ငံတကာ  သတင်းမီဒီယာသမား အတော်များများ သွားရောက် သတင်းယူတာ တွေ့ကြရပါတယ်။ ရွေးကောက်ပွဲမှာ သူနိုင်ရင် ဘာဖြစ်မှာလဲ၊ သူရှုံးရင် ဘာဖြစ်မှာလဲ စသဖြင့် ဝေဖန်ဆွေးနွေးကြတာလဲ အလွန်များပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း စိတ်ဝင်စားဖို့ အကောင်းဆုံး သူရဦးရွှေမန်းအကြောင်း ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်ပါ။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း သူရဦးရွှေမန်းဟာ အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အာဏာရှင်ခေတ်က နံပါတ်(၃) ခေါင်းဆောင်ဖြစ်ပါတယ်။ တပ်မတော်မှာ ဗိုလ်ချုပ်ကြီး၊ ကြည်း၊ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ရာထူး ရထားသူပါ။ အဲဒီအချိန်တုန်းကတော့ သူ့ရဲ့ စီနီယာ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ နှစ်ယောက် အနားယူသွားရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒါမှမဟုတ် တိုင်းပြည်ခေါင်းဆောင် နံပတ်တစ် တစ်ခုခု ရလိမ့်မယ်လို့ မျှော်လင့်ကောင်းလည်း မျှော်လင့်ခဲ့နိုင်ပါတယ်။ ၂၀၁၀ မှာတော့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံတဲ့ အထွေထွေ ရွေးကောက်ပွဲကြီး လုပ်ပါတယ်။ ရွေးကောက်ပွဲ လုပ်တယ်ဆိုပေမယ့်လည်း တကယ်တော့ အဲဒီ ပွဲ၊ အဲဒီ အပြောင်းအလဲဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကနေ တိုင်းပြည် အာဏာ အရပ်ရပ်ကို သူ့စိတ် သူ့သဘောကျ စိတ်တိုင်းကျ နေရာချပေးသွားတဲ့ အပြောင်းအလဲမျိုးပါပဲ။ ဘယ်သူက ဘာလုပ်၊ ဘယ်သူက ဘာတာဝန်ယူ၊ ဘယ်သူက ဘယ်နေရာကို ထိန်းဆိုတာမျိုးပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဲလို စိတ်တိုင်းကျ နေရာချသွားတဲ့အကြောင်း နောက်ပိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ကျန် ဗိုလ်ချုပ်ဟောင်းတွေ အားလုံးက ဝန်ခံ ပြောဆိုကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အဲလို နေရာချထားပေးမှုမှာ တိုင်းပြည်ရဲ့ နံပါတ်သုံး ခေါင်းဆောင်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း အတွက်ကတော့ ကံမကောင်းပါဘူး။ ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်ကိုပဲ ရလိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းပြည်ရဲ့ နံပတ် (၄) ခေါင်းဆောင် အဆင့်ကိုပဲ ရခဲ့ပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်းဟာ ရည်မှန်းချက် ကြီးသူ ဖြစ်ပါတယ်။ သူ့ ကျရာတာဝန်ကို အကောင်းဆုံး ဖြစ်အောင် စွမ်းဆောင်ပါတယ်။ တကယ်တော့ ဖွဲ့စည်းပုံအရပဲ ကြည့်ကြည့်၊ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ဆန္ဒအရပဲ တွက်တွက် ၂၀၁၁ မှာ ပေါ်ပေါက်လာတဲ့ လွှတ်တော်တွေကို ကြည့်ရင် လက်ညှိးထောင် ခေါင်းညှိမ့် လွှတ်တော် အဆင့်လောက်ပဲ လိုချင်ခဲ့တာပါ။ ဒါပေမယ့် ရည်မှန်းချက်ကြီးတဲ့ သူရဦးရွှေမန်းကတော့ အဲဒီ အခြေအနေကို ပြောင်းလဲပစ်ပြီး လွှတ်တော်ကို အသက်ဝင်လာအောင် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။

နောက်ပိုင်း သူရဦးရွှေမန်းဟာ သူ့အနေနဲ့ နောက်လာမယ့် ရွေးကောက်ပွဲပြီးရင် သမ္မတ ဖြစ်ချင်တဲ့အကြောင်း၊ သမ္မတ ဖြစ်အောင်လည်း ကြိုးစားမယ်ဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုပါတယ်။ ဇာတ်လမ်းဟာ အဲဒီမှာ စတာပါပဲ။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမွေအဖြစ် ထားရစ်ပေးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရပဲ ဖြစ်ဖြစ်၊ သူခင်းပေးသွားတဲ့ လမ်းအရပဲ ဖြစ်ဖြစ် ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော် ပေါင်းစပ်ထားတဲ့ အင်အားစုဘက်က သမ္မတလောင်း ဘယ်သူဖြစ်မယ်ဆိုတာ ပြောဆို ဆုံးဖြတ်ပိုင်ခွင့်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှာပဲ ရှိမှာမို့လို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်န်အယ်လ်ဒီပါတီ အားကောင်းတဲ့ အခြေအနေအောက်မှာ အဲဒီ အချက်က ပိုသေချာပါတယ်။

ဒါပေမယ့် သူရဦးရွှေမန်းဟာ ဇွဲမလျော့ပါဘူး။ သူလျောက်ရမယ့် ခရီးလမ်းကလည်း ရေဆန်လမ်း၊ ခက်လဲ ခက်ခဲပါတယ်။ ပထမ တဆင့်က ပြည်ခိုင်ဖြိုးပါတီ၊ တစ်နည်းအားဖြင့် လွှတ်တော်ထဲ ရောက်နေတဲ့ ပြည်ခိုင်ဖြိုး အမတ်တွေ သူ့ကို ထောက်ခံလာအောင် စည်းရုံးသိမ်းသွင်းရပါတယ်။ ကိုယ်ကျိုးစီးပွား ဆက်စပ်မှုတွေနဲ့ စည်းရုံးနိုင်လို့ သူ အောင်မြင်ပါတယ်။ ပြည်သူနဲ့ အတိုက်အခံ ကြိုက်အောင် အစိုးရအဖွဲ့ကို ထိန်းကျောင်းတာမျိုး လုပ်ပြပါတယ်။ တကယ်ကတော့ ခေါင်းဆောင်မှု တိုက်ပွဲ ဆင်နွဲှတာပါ။ ဒါလည်း အောင်မြင်ပါတယ်။ သူ့အတွက် အခက်ခဲဆုံးကတော့ အာဏာရှင်တွေ ချသွားပေးတဲ့ လမ်းကြောင်းကို ပြောင်းပြန်လှန်ဖို့ပါပဲ။ တိုတိုပြောရရင် အာဏာရှင်တွေ ခင်းပေးသွားတဲ့ လမ်းဆိုတာဟာ စစ်ဗိုလ်ချုပ်တွေချည်းပဲ တိုင်းပြည်ကို အစဉ်အဆက် အုပ်ချုပ်သွားနိုင်အောင်၊ တပ်မတော်ကို ပင်မ မဏ္ဍိုင် အင်အားစု အဖြစ်ထား၊ တပ်အပြင်ကို ရောက်သွားပြီဖြစ်တဲ့ ပြည်ခိုင်ဖြိုးအင်အားစုတွေက တပ်ကို ဝန်းရံ ဆိုတာမျိုးပါ။ ဒါကို သူရဦးရွှေမန်းကနေ ပြည်ခိုင်ဖြိုးပါတီကို မဏ္ဍိုင်ထား၊ တပ်က ဝန်းရံ ဆိုတာမျိုး ဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားရပါတယ်။ ဒါမှ သူ့သြဇာ ထူထောင်ရေးနဲ့ သူ သမ္မတ ဖြစ်နိုင်ရေး လမ်းပွင့်မှာပါ။ အဲဒါ လုပ်ရတာတော့ ခက်ပါတယ်။ အကြောင်းကတော့ ဖွဲ့စည်းပုံကို ပြောင်းမှ ရမှာမို့ ဖြစ်ပါတယ်။

ဒီလိုနဲ့ သူရဦးရွှေမန်းဟာ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ သမိုင်းဝင် ညွှန်ကြားချက်တစ်ခု ၂၀၁၄ ဖေဖေါ်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ အခြားသော အချက်တွေကို ယေဘူယျလောက်ပဲ ဖော်ပြပြီး သမ္မတ၊ ဒုသမ္မတနဲ့ ဝန်ကြီးတွေကို ရွေးကောက်ခံတွေထဲကပဲ ခန့်အပ်ဖို့ ဆိုတာကို တိတိကျကျ ညွှန်ကြားခဲ့ပါတယ်။ ဒါဟာ ဘယ်ဗိုလ်ချုပ်မဆို သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီး လုပ်ချင်ရင် တပ်က ထွက်၊ ပြည်ခိုင်ဖြိုးထဲဝင်ပြီး ရွေးကောက်ပွဲဝင်၊ တစ်နည်းအားဖြင့် သူ့ရဲ့ ခေါင်းဆောင်မှုကို ခံယူကြဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်ခဲ့ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း သူရဦးရွှေမန်းဟာ တပ်၊ အင်န်အယ်လ်ဒီ ဘယ်သူ့နဲ့မှ သဘောတူညီချက် ရယူမထားတဲ့ သူ့စိတ်ကြိုက် ဖွဲ့စည်းပုံပြင်ရေး မူကြမ်း၊ လွှတ်တော်ကို တင်ပါတယ်။ အရေးကြီးတာ အားလုံး တပ်မတော်သား အမတ်တွေက ပယ်ချခဲ့တဲ့အတွက် ဖွဲ့စည်းပုံ ပြင်ရေး ကြိုးစားခဲ့မှု တစ်ခုလုံး အချည်းနှီးဖြစ်သွားခဲ့ရပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲ နီးတဲ့အခါ တပ်မတော်ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့ ပူးပေါင်းပြီး သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုး ခေါင်းဆောင်အဖြစ်က ဖယ်ရှားပါတယ်။ လွှတ်တော်ထဲမှာ ရွေးကောက်ခံ အမတ်ကို ပြန်ဖြုတ်ချနိုင်တဲ့ ဥပဒေတင်ပြီး သူ့ကို လွှတ်တော် နာယက၊ အမတ်အဖြစ်ကနေပါ ဖယ်ရှားဖို့ ကြိုးစားပါတယ်။ အဲလို ကြိုးစားနိုင်ရင် နောက်တဆင့် ရာဇဝတ်ပြစ်မှုကြောင်း တစ်ခုခုနဲ့ စွတ်စွဲပြီး ဖမ်းဆီး၊ အကျဉ်းချတာမျိုးတောင် ခံရနိုင်တဲ့ အခြေအနေမျိုးထိ ကြုံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ တပ်မတော်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီ အပြတ်အသတ် ရှုံးပါတယ်။ သူရဦးရွှေမန်းကိုယ်တိုင် ရွေးကောက်ပွဲမှာ ရှုံးပါတယ်။ ဒါဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဘဝအတွက် ကောင်းမွန်သွားစေပါတယ်။ အကြောင်းကတော့ သူကိုယ်တိုင် နောင်လွှတ်တော်ထဲ ရောက်မှာ မဟုတ်တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီတွင်း ဂိုဏ်းဂနတိုက်ပွဲမှာ ပါဝင်ပတ်သက်ခွင့် ပြီးဆုံးသွားလို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူရဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီပံ့ပိုးသူ အနေနဲ့ ရပ်တည် လှုပ်ရှားနေပါပြီ။ အင်န်အယ်ဒီဘက်ကလည်း သူ့ကို နောင် အစိုးရအသစ် ဖွဲ့တဲ့အခါ ဂုဏ်သိက္ခာရှိတဲ့ တာဝန်တစ်ခုခု ပေးဖို့ ပြောဆိုမှုတွေ ရှိနေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူရဦးရွှေမန်းရဲ့ အပြောင်းအလဲ အယိမ်းအယိုင်များလှတဲ့ စိတ်ဝင်စားဖို့ ကောင်းလှတဲ့ ဘ၀ ဇာတ်လမ်း ဒီလောက်နဲ့ ရပ်တန့်မသွားနိုင်ပါဘူး။ တပ်မတော်ခေါင်းဆောင်တွေနဲ့ လက်ရှိ ပြည်ခိုင်ဖြိုးကို ထိန်းချုပ်ထားတဲ့ အင်အားစုတွေက ရန်သူသဖွယ် သဘောထားတဲ့ သူရဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည်က နေရာပေးတာကို သူတို့က လက်သင့်ခံကြမလား၊ လက်သင့်မခံရင် ဘာတွေ ဆက်ဖြစ်ဦးမှာလဲ၊ သူရဦးရွှေမန်း အနေနဲ့ သူ့ရဲ့ မြင့်မားတဲ့ ရည်မှန်းချက်ကို ဘယ်လိုဆက် အကောင်အထည် ဖော်ဦးမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါကြောင်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags