ပုသိမ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် ထောက်လှမ်းနေပြီး ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဒေသခံများပြော

ပုသိမ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် ထောက်လှမ်းနေပြီး ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဒေသခံများပြော

နိုဝင်ဘာ ၉

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ နေရာအနှံ့တွင် စစ်ကောင်စီတပ်သားများက ကျောင်းသားပုံစံနှင့် ကုမ္ပဏီဝန်ထမ်းပုံစံ ၀တ်ကာ ပြည်သူများအကြား နေ့စဉ် စုံစမ်း ထောက်လှမ်းနေသည်ကို တွေ့ရှိ လာရသည်ဟု ပုသိမ်မြို့ခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် နှစ်၂၀ မှ နှစ် ၃၀ ကြား ဝန်းကျင်အရွယ်များဖြစ်ကြပြီး အောက်တိုဘာလ လယ်ခန့်ကပင် ပြည်သူများအကြား ရောနှောသွားလာနေခြင်းဖြစ်ကြောင်း ဒေသခံကတစ်ဦးကပြောသည်။

"ပုသိမ်မှာ တစ်ခါမှ မမြင်ဖူးတဲ့ မျက်နှာစိမ်းတွေမြင်နေရတာ မနည်းကြာပြီ။ ၈၈ တုန်းကလည်း ထောက်လှမ်းရေးကကောင်တွေ ၊စစ်တပ်ကကောင်တွေက ပြည်သူတွေကြားမှာ စျေးသည်လိုလို အရူးလိုလို အယောင်တွေဆောင်ပြီး သတင်းထောက်လှမ်းတာတွေ ရှိခဲ့ဖူးတယ်။ အခုလည်း ဒီကောင်တွေဒီ အကွက်တွေ ပြန်လုပ်နေပြန်ပြီ" ဟု ဒေသခံကပြောသည်။

အောက်တိုဘာလ ၂၂ ရက်ကလည်း ပုသိမ်မြို့၊အမှတ် ( ၁ ) ရပ်ကွက်၊ ငဝန်ကျွန်းသာ ( ၁ ) လမ်း တွင်နေထိုင်သည့် မြစ်မခ သတင်းဌာန၏ အကြီးတန်း သတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက အရပ်၀တ်များဖြင့် စောင့်ကြည့်မှုများပြုလုပ်၍ ညပိုင်းအချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

"အခုနောက်ပိုင်း စစ်ကောင်စီက ပြည်သူတွေကိုဖမ်းဆီးတဲ့ခါမှာ အရပ်ဝတ်တွေနဲ့ပဲ ဖမ်းတာများတယ်။ အရပ်၀တ်တွေနဲ့ စောင့်ကြည့်ပြီး ညဘက်တွေမှာ အိမ်ထဲအထိ၀င်ဖမ်းတာဗျ" ပုသိမ်ဒေသခံတစ်ဦးကပြောသည်။

ယင်းအပြင် ပုသိမ်မြို့ပေါ်ရှိ ရဲသတင်းပေးဒလန်များ၏ နေအိမ်များအနီးတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ အရပ်ဝတ်များနှင့် ကင်းပုန်းချထားကြောင်း ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ (PSTF)ဝင်တစ်ဦးကပြောသည်။

"ဟိုတစ်နေ့က ရဲသတင်းပေး ဒလန်တစ်ယောက်ရဲ့ အိမ်နားကိုသွား လေ့လာတာ၊ အဲဒီဒလန်အိမ်ကို မလှမ်းမကမ်း ဆိုင်တစ်ဆိုင်ကနေ စောင့်ကြည့်နေတဲ့လူတစ်ယောက်ကို သတိထားမိတယ်။ ဒလန်ရဲ့အိမ်အနားတစ်ဝိုက်ကိုပဲ တောက်လျှောက်ကြည့်နေတာ ရုပ်ကလည်း စစ်သားရုပ်ပဲ"ဟု PSTF အဖွဲ့ဝင်ကပြောသည်။

ပုသိမ်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့များက စစ်‌ ကောင်စီတပ်ဖွဲ့ပိုင် မိုင်တဲတာဝါတိုင်များအားဖောက်ခွဲ ဖျက်ဆီးခြင်း၊ ရဲသတင်းပေး ဒလန်များအား ရှင်းလင်းသုတ်သင်ခြင်းလုပ်ငန်းများကို ခပ်စိပ်စိပ်ပြုလုပ်လာပြီးနောက်ပိုင်း ယခုကဲ့သို့ ပြည်သူအယောင်ဆောင်များ ရောနှောသွားလာနေခြင်းဖြစ်သည်ဟု ဒေသခံများက မှတ်ချက်ပြုထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required