ကရင်ပြည်နယ်နေ့ ပွဲတော်လာသူ မရှိသလောက်နည်းပါး

ကရင်ပြည်နယ်နေ့ ပွဲတော်လာသူ မရှိသလောက်နည်းပါး

နိုဝင်ဘာ ၈

ဘားအံမြို့၌ ပြုလုပ်ခဲ့သော ( ၆၆ ) ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကို ယမန်နေ့ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့ရာ လာရောက်သူ ဦးရေသည် ယခင်နှစ်များထက် လွန်စွာ နည်းပါးသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

နှစ်စဥ် နိုဝင်ဘာ ၇ ရက်နေ့အား ကရင်တိုင်းရင်းသားများ၏ ပြည်နယ်ပွဲတော်နေ့အဖြစ် သတ်မှတ်ထားပြီး ယင်းနေ့တွင် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားများအပြင် အနယ်နယ် အရပ်ရပ်မှ ကရင်တိုင်းရင်းသားများလည်း လာရောက် လည်ပတ်ကြသည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပသည့် (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့တွင် သွားလာမှုများ ကန့်သတ်ခြင်း၊ စစ်ဆေးမေးမြန်း ရှာဖွေခြင်းများ ပြုလုပ်နေခြင်းကြောင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများပင် လာရောက် လည်ပတ်ခြင်း အလွန်နည်းပါးခဲ့သည်။

" နှစ်စဉ် နှစ်တိုင်း ကျင်းပနေတဲ့ ကရင်ပြည်နယ် ပွဲ‌တော်ကိုတောင်မှ ဒီလိုမျိုး ပိတ်ပင် တားဆီးချက် တွေနဲ့ လွတ်လပ်စွာ သွားလာပျော်ရွှင်ရမယ့် နေ့ရက်ကိုတောင် စစ်တာဆေးတာတွေ လုပ်တယ်။ ပြီးတော့ တိုင်းပြည်အာဏာကို တစ်ဖက်သတ် လုယူခဲ့တဲ့ ဒီလို အာဏာရှင်မျိုး လက်အောက်မှာတော့ ဘယ်တော့အခါမှ အပျော်တွေရလာမှာ မဟုတ်ဘူး"ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းနေ့တွင် တစ်မြို့လုံးနီးပါး မီးဖြတ်တောက်ခံထားရပြီး ပွဲတော်ပြုလုပ်ရာ ပြည်နယ်ကွင်း အတွင်း၌သာ အဓိကထား မီးပေးသည်ဟု ဆိုသည်။

ယခင်နှစ်များက ဖွင့်ပွဲနေ့တွင် ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ခေါင်းဆောင်ပိုင်းများက ပုံမှန် တက်ရောက်သော်လည်း ယခုနှစ်တွင် မတက်ရောက်ခဲ့ဘဲ တပ်မဟာများအတွင်းမှ ခေါင်းဆောင် အချို့သာ တက်ရောက်ခဲ့သည်။

စစ်ကောင်စီ ဦးဆောင်ပြုလုပ်သည့် ကရင်ပြည်နယ်နေ့သို့ ကရင်အမျိုးသား အစည်းအရုံးက သဝဏ်လွှာလည်း မပေးပို့ခဲ့ပေ။

ကရင်ပြည်နယ်နေ့ ပွဲတော်ဖွင့်ပွဲသို့ စစ်ကောင်စီဘက်မှ ပြည်နယ်တရားသူကြီးချုပ်၊ ကရင်စာပေနှင့် ယဥ်ကျေးမှုအဖွဲ့ ဥက္ကဌ အပါအဝင် အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ခေတ္တ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဒေသခံ တိုင်းရင်းသားအချို့သာ တက်ရောက် ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly