တရုတ်သမ္မတရှီကျင့်ဖျင်၏ ဘုံသာယာဝပြောရေး အစီအစဉ်ကြောင့် နိုင်ငံအတွင်း တန်ဖိုးကြီး ကုန်ပစ္စည်း များအတွက် အလားအလာမကောင်းဖြစ်နေ

By Latestly
08 November 2021
တရုတ်သမ္မတရှီကျင့်ဖျင်၏ ဘုံသာယာဝပြောရေး အစီအစဉ်ကြောင့် နိုင်ငံအတွင်း တန်ဖိုးကြီး ကုန်ပစ္စည်း များအတွက် အလားအလာမကောင်းဖြစ်နေ

တရုတ်နိုင်ငံ၌ ဘုံသာယာဝပြောရေးလှုပ်ရှားမှုဖြင့် ချမ်းသာကြွယ်ဝမှုကို ပြန်လည်ခွဲဝေပေးရေးဟူသော သမ္မတရှီကျင့်ဖျင်၏ တွန်းအားသည် အချို့သော ဇိမ်ခံပစ္စည်းဈေးကွက်ရင်းနှီးမြှုပ်နှံသူများကို မရေမရာ ဖြစ်စေသည်။

တရုတ်နိုင်ငံအား အကြီးမားဆုံး တန်ဖိုးကြီပစ္စည်းဈေးကွက်အဖြစ် အားကိုးနေသော နယ်ပယ်တစ်ခုအတွက် ကံဆိုးမိုးမှောင်ကျမှုပင်ဖြစ်သည်ဟု CNN သတင်း၌ ဖော်ပြထားသည်။

သမ္မတရှိက ၂၀၁၂ ခုနှစ် မှစတင်ခဲ့သော အဆိုပါလှုပ်ရှားမှုသည် ဇိမ်ခံပစ္စည်းဈေးကွက်ကဏ္ဍအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့သည်။ ၂၀၁၃ ခုနှစ်၌ တရုတ်နိုင်ငံ၏ တန်ဖိုးကြီး အမှတ်တံဆိပ် ပစ္စည်းဈေးကွက် တိုးတက်မှုသည် ၂ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ယခင်နှစ်၏ ၇ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့သည်ဟု စီမံခန့်ခွဲမှုဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Bain ကပြောသည်။

ဈေးဝယ်သူများသည် ထူးခြားပေါ်လွင်သော ကုန်အမှတ်တံဆိပ်များနှင့် ဒီဇိုင်းများကို ရှာဖွေမှု လျော့နည်းလာသလို အချို့သော ဖက်ရှင်အမှတ်တံဆိပ်များကို ရှောင်ကြည်လာကြသည်။

အရက်ဖြူ baijiu ထုတ်လုပ်သော အဖျော်ယမကာကုမ္ပဏီ Kweichow Moutai ကဲ့သို့သော ဈေးကောင်းသည့် ယမကာတံဆိပ်များသည် ရောင်းအား သိသိသာသာ ကျဆင်းစေခဲ့ရာ ဘုံသာယာဝပြောရေးလှုပ်ရှားမှုက ယမကာလုပ်ငန်းအပေါ် မကြုံစဖူးဖိအား ဖြစ်လာစေခဲ့သည်ဟု ကုမ္ပဏီက ပြောသည်။

တန်ဖိုးကြီးအမှတ်တံဆိပ်ပစ္စည်းဆိုင်ရာ စားသုံးသူသုတေသနကုမ္ပဏီ LookLook ၏ အဆိုအရ တရုတ်နိုင်ငံ၌ ယင်းကဲံသို့ပစ္စည်းဝယ်ယူသူအယောက် ၁၀၀ ကို မကြာသေးမီက စစ်တမ်းပြုလုပ်ခဲ့ရာ စစ်တမ်းဖြေဆိုသူ ၁၀ ဦးအနက် ၁ ဦးက ယနေ့ခေတ်တွင် ငွေကြေးအမြောက်အမြားမသုံးစွဲခြင်းမှာ ချမ်းသာကြွယ်ဝမှုအပေါ် လွန်လွန်ကဲကဲပြသမှုကို အစိုးရက နှိမ်နင်းနေသောကြောင့်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

နည်းပညာနှင့်ပညာရေးမှသည် ဂိမ်းကစားခြင်းနှင့်ဖျော်ဖြေရေးနယ်ပယ်များအထိ စည်းမျဉ်းဆိုင်ရာ နှိမ်နင်းမှုနှင့် အချိန်ကိုက်ဖြစ်သော အစိုးရ၏နောက်ဆုံးလှုပ်ရှားမှုကြောင့် စိုးရိမ်မှုများ မြင့်တက်လာ စေသည်ဟု CNN သတင်းက ဖော်ပြခဲ့သည်။

အချို့လုပ်ငန်းများသည် ကြီးမားသောဆုံးရှုံးမှုများ ကြုံတွေ့နေရပြီဖြစ်သည်။ LVMH ကုမ္ပဏီ၏ ရှယ်ယာများသည် ဩဂုတ်လမှ စက်တင်ဘာအတွင်း ၇ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Gucci ဖက်ရှင်၏ မူပိုင်ရှင် Kering ကုမ္ပဏီ၏ရှယ်ယာများသည်လည်း အလားတူလအပိုင်းအခြားအတွင်း ၁၉ ဒသမ ၄ ရာခိုင်နှုန်း ထိုးကျခဲ့သည်ဟု အစီရင်ခံစာ၌ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly