မြန်မာနိုင်ငံအတွင်း ဆန္ဒပြမှုများနောက်ကွယ်တွင် နိုင်ငံရေးလှုံ့ဆော်မှုရှိနိုင်ဟု ထိုင်းရဲတပ်ဖွဲ့ပြော

မြန်မာနိုင်ငံအတွင်း ဆန္ဒပြမှုများနောက်ကွယ်တွင် နိုင်ငံရေးလှုံ့ဆော်မှုရှိနိုင်ဟု ထိုင်းရဲတပ်ဖွဲ့ပြော
ဓာတ်ပုံ-ဘန်ကောက်ပို့စ်

ခိုတောင်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ဆန္ဒပြမှုများ နောက်ကွယ်တွင် နိုင်ငံရေးလှုံ့ဆော်မှု တစ်ခုခုရှိနိုင်ကြောင်း ထိုင်းရဲမှူးချုပ်ပီယာဖန်ပင်မောင်က ဒီဇင်ဘာ ၂၇ ရက် နံနက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားလိုက်သည်။ 

ပြီးခဲ့သည့်နှစ်အတွင်းက မြန်မာနိုင်ငံသားများ၊ ဗြိတိန်နိုင်ငံသားများ ပါဝင်ပတ်သက်သည့် ရာဇဝတ်မှု ၁၂၆ မှုကို တရားစွဲဆိုခဲ့ပြီး ယခုနှစ်အတွင်း ၂၆ မှုရှိခဲ့သော်လည်း အဆိုပါအမှုများအနက် ခိုတောင်ကျွန်းအမှုတွင်သာ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အချို့သောအုပ်စုများအနေဖြင့် မိမိတို့ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စရပ်များအား ယခုဖြစ်ပေါ်လာသည့် အကြောင်းအရာကို အသုံးချတတ်သောကြောင့် ပြည်သူများအနေဖြင့် အသုံးချခံမဖြစ်အောင် သတိပြုကြရန် ၎င်းက တိုက်တွန်းလိုက်သည်။

ယင်းကဲ့သို့ လုပ်ဆောင်မှုသည် နိုင်ငံအချင်းချင်းဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ပီယာဖန်က ပြောကြားသည်။
ခိုတောင်ကျွန်းလူသတ်မှုတွင် စုံစမ်းစစ်ဆေးမှုများကို တိကျကောင်း မွန်စွာ လုပ်ဆောင်ခဲ့ပြီး မြန်မာများ၊ ဗြိတိန်နိုင်ငံသားများနှင့် သက်ဆိုင်နေသောကြောင့် ရှေ့နေများ၊ အစိုးရဥပဒေအရာရှိများ၊ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများကို အစအဆုံး သေချာစွာ လုပ်ဆောင်ခဲ့ကြောင်း ပီယာဖန်က ပြောကြားသည်။

ခိုတောင်လူသတ်မှု စုံစမ်းစစ်ဆေးရေးတွင် ကြီးကြပ်ကွပ်ကဲခဲ့ရသည့် ရဲမှူးပရာချန်ရူအန်သောင်က ယင်းအမှုအား ရဲတပ်ဖွဲ့က စနစ်တကျစုံစမ်းစစ်ဆေးခဲ့ကာ အပြစ်ရှိသူများကို သေဒဏ်ပေးရမည်ဟု ပြောကြားခဲ့သည်။

စီရင်ချက်အား ချမှတ်ခဲ့သည့် ဆူရတ်ဌာနိခရိုင် ကော့စမွီတရားရုံးက မြန်မာနှစ်ဦး၏ ကနဦးဝန်ခံချက်ကို အဓိက မထားဘဲ သဲလွန်စအထောက်အထားများအပေါ်တွင်သာ အဓိကထားကာ စီရင်ချက်ချခဲ့ကြောင်း ရဲမှူးချုပ်ပီယာဖန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly